တေဂူဆီဂါပါ၊ ဒီဇင်ဘာ ၁
ဟွန်ဒူးရပ်စ်နိုင်ငံတွင် လက်ရှိအာဏာရပါတီက သမ္မတရွေးကောက်ပွဲ၌ ၎င်းတို့ရဲ့ရှုံးနိမ့်မှုကို အသိအမှတ်ပြုခဲ့ပြီး အတိုက်အခံသမ္မတလောင်း ဇီမာရာကက်စထရိုဒီဇီလာယာ အောင်ပွဲခံခဲ့ပြီဖြစ်သဖြင့် နောက်ထပ် မဲပြိုင်ဆိုင်မှု များနှင့် အကြမ်းဖက်ဆန္ဒပြမှုများအပေါ် စိုးရိမ်နေမှုများလည်း ပြေလျော့သွားပြီဖြစ်ကြောင်း အေပီသတင်းဌာနက ဒီဇင်ဘာ ၁ ရက်၊ နံနက်ပိုင်း၌ ရေးသားဖော်ပြသည်။
နိုဝင်ဘာ ၂၈ ရက် (တနင်္ဂနွေနေ့) က ကျင်းပခဲ့သည့် ရွေးကောက်ပွဲမှ မဲများ ရေတွက်မှုမှာ ထက်ဝက်ခန့်သာ ပြီးစီး သေးသော်လည်း အမျိုးသားပါတီ (National Party) မှ သမ္မတလောင်းဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ တေဂူဆီဂါပါရဲ့ မြို့တော်ဝန် နာစရီအက်စ်ဖူရာက ယခုအောင်ပွဲခံသွားသူ ကက်စထရိုဒီဇီလာယာကို
ကိုယ်တိုင်ကိုယ်ကျ ဂုဏ်ပြု ပါကြောင်း ကြေညာချက်တစ်စောင်တွင် ပြောကြားခဲ့သည်။
ယခင်သမ္မတကတော်ဟောင်းဖြစ်ခဲ့သူ ကက်စထရိုဒီဇီလာယာက စုစုပေါင်းမဲအရေအတွက်၏ ၅၃ ရာခိုင်နှုန်း ရရှိ ခဲ့ပြီး နာစရီအက်စ်ဖူရာက ၃၄ ရာခိုင်နှုန်းရရှိခဲ့ကြောင်း ဟွန်ဒူးရပ်စ်အမျိုးသားရွေးကောက်ပွဲကောင်စီ၏ ထုတ်ပြန် ချက်အရ သိရသည်။ ၎င်းရွေးကောက်ပွဲတွင် အနိုင်ရသူကို အတည်ပြုကြေညာရန် ရက်ပေါင်း ၃၀ လိုဦးမည် ဖြစ် သည်။
အက်စ်ဖူရာသည် ဒီဇီလာယာနှင့်၎င်း၏မိသားစုကို တွေ့ဆုံခဲ့သေးကြောင်း ပြောကြားခဲ့သည်။
ပုံ - အနိုင်ရ အမျိုးသမီး သမ္မတလောင်း ဇီမာရာကက်စထရိုဒီဇီလာယာ ။(Photo-Reuters)
“အခုတော့ လူသိရှင်ကြား ကျနော် ပြောချင်ပါတယ်။ ဒီဇီလာယာရဲ့အောင်ပွဲအတွက် ဂုဏ်ယူဝမ်းမြောက်မိသလို ဖွံ့ဖြိုးတိုးတက်မှု၊ ဒီမိုကရေစီဆန္ဒနဲ့အတူ သူ့ရဲ့အုပ်ချုပ်မှုကနေ ဟွန်ဒူးရပ်စ် ပြည်သူအားလုံးရဲ့ အကျိုးစီးပွား အတွက် အကောင်းဆုံးလုပ်ဆောင်နိုင်စေဖို့ ဘုရားသခင်က သူ့ကို တောက်ပစေပြီး လမ်းပြပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ကွန်ဆာဗေးတစ်အမတ်လောင်းဖြစ်သူ အက်စ်ဖူရာက ပြောကြားခဲ့သည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က ရွေးကောက်ပွဲရလဒ်သတင်းများထွက်ပေါ်ပြီး မိနစ်ပိုင်း အကြာ၌ ကက်စထရိုဒီဇီလာယာကို ချီးကျူးဂုဏ်ပြုစကားပြောကြားခဲ့သည်။
“အမေရိကန်နိုင်ငံက ဟွန်ဒူးရပ်စ်ရဲ့ပထမဆုံးအမျိုးသမီးသမ္မတအဖြစ် သမိုင်းဝင်အောင်ပွဲခံနိုင်ခဲ့တဲ့ မစ္စစ်ဇီမာရာ ကက်စထရိုဒီဇီလာယာကို ဂုဏ်ပြုပါတယ်။ ဟွန်ဒူးရပ်စ်အစိုးရနဲ့ လက်တွဲလုပ်ဆောင်ဖို့ ကျနော်တို့ မျှော်လင့်နေ ပါတယ်” ဟု ဘလင်ကင်က ထုတ်ပြန်ချက်တစ်စောင်ထဲတွင် ပြောကြားထားသည်။
လက်ရှိအာဏာရပါတီမှ သမ္မတလောင်းအရွေးခံသူ အက်စ်ဖူရာသည် သူမ၏အောင်ပွဲခံမှုကို အသိအမှတ်ပြု ကြောင်း ကက်စထရိုဒီဇီလာယာက တွစ်တာလူမှုကွန်ရက်တွင် ရေးသားလွှင့်တင်ခဲ့သည်။
အက်စ်ဖူရာအနေဖြင့် ယခုရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုလိုက်ခြင်းသည် ၂၀၁၇ ခုနှစ်တုန်းက အကျပ် အတည်းတစ်ခုကြောင့် လူ ၂၃ ယောက်သေဆုံးခဲ့ရသော လမ်းပေါ်ထွက်ဆန္ဒပြမှုများ ရှိခဲ့သည့် ဖြစ်စဉ်အတွက် မျက်မှောက်ကာလ ရွေးကောက်ပွဲအလွန် ဟွန်ဒူးရပ်စ်ပြည်သူ အများအပြားအတွက် စိတ်သက်သာ ရာ ရသွားစေခဲ့သည်။
Source: AP