၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁
ဒေါ်အောင်ဆန်းစုကြည်အား စွဲဆိုထားသည့် အမှုများအရ သူမအနေဖြင့် နိုင်ငံရေးတွင် ပါဝင်ရန် ခဲယဉ်းသွားပြီဖြစ်ကြောင်း ရခိုင်ပြည်နယ်၊မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးဖေသန်းက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့ကို ရဟတ်ယာဉ်ငှားရမ်းခြင်း၊ ဝယ်ယူခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက်ရေး ကိစ္စရပ် များတွင် ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများကို မလိုက်နာခဲ့ခြင်းကြောင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ ဖြင့် အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်နေသည်ဟု နစက-က နိုဝင်ဘာ ၃၀ ရက်က ထုတ်ပြန်ခဲ့သည်။
ဦးဖေသန်းက “သူတို့စွဲတဲ့ အမှုတွေကို ပြန်လွှတ်လိုက်ရတယ်လို့ သူတို့ဘက်က သိက္ခာကျခံမှာ မဟုတ်ဘူးဆိုတော့ အမှု အများကြီး ဆင်နိုင်တယ်။ ပြစ်ဒဏ်လည်း အများကြီး ခံရနိုင်တယ်။ သူတို့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေး၊ ပြီးတော့ အသက်အရွယ် (၇၀) ကျော်တဲ့ အမျိုးသမီးကို နိုင်ငံရေးလောကထဲမှာ နောက်ဆုံး ပါမဝင်နိုင်အောင်ထိ အသက် အရွယ်အရရော၊ အချိန်အခါအရရော သူတို့ ကြိုးစားပြီးတော့ လုပ်ဆောင်မယ်လို့ ကျနော်ထင်ပါတယ်” ဟု CNI သို့ ပြော သည်။
ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားသည့် အမှုများ၏ ပြစ်မှုနှင့် ပြစ်ဒဏ် ပေါင်းလိုက်ပါက နှစ်ချီဖြစ်သွားနိုင်ကြောင်း၊ ၎င်းတို့ လိုချင်သည့် ပစ်မှတ်ကို ရောက်အောင် လုပ်ဆောင်သွားလိမ့်မည်ဟု မြင်မိကြောင်း ဦးဖေသန်းက ပြောသည်။
ရှေ့နေအသိုင်းအဝိုင်းမှ အမည်မဖော်လိုသူ တစ်ဦးက ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားသည့်အမှုများ နှစ်ကြာရှည်နိုင်ခြင်း ရှိ/မရှိကို မိမိတို့အနေဖြင့် မသိရှိနိုင်ကြောင်း ပြောသည်။
ပုံ-ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦး၀င်းမြင့်တို့ကိုတွေ့ရစဉ်။
မြန်မာ့နိုင်ငံရေး အသိုင်းအဝိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် NLD ၏ နိုင်ငံရေးပြဿနာကို နိုင်ငံရေးစားပွဲဝိုင်း ပေါ်မှာ ဖြေရှင်းမည်ဆိုသော ရပ်တည်ချက်မျိုးအတိုင်း ဆက်ရှိနေပါက သွေးမထွက်သော လမ်းကြောင်းတစ်ခု ပေါ်လာနိုင် သည်ဟု သုံးသပ်မှုများလည်း ရှိနေကြသည်။
ဒေါ်အောင်ဆန်းစုကြည်ကို ဆက်သွယ်ရေး ဥပဒေဖြင့် ၁ မှု၊ ပို့ကုန်သွင်းကုန် ဥပဒေဖြင့် ၁ မှု၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ ဖြင့် ၂ မှု၊ ပုဒ်မ ၅၀၅ (ခ) ၁ မှု၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ ဖြင့် ၄ မှုတို့ အပါအ၀င် စုစုပေါင်း ၁၁ မှုဖြစ် တရားစွဲဆိုထားသည်။
အဆိုပါ စွဲဆိုထားသည့် အမှုများအရ တစ်မှုချင်း စစ်ဆေးမည်ဆိုပါက ၂ နှစ်၊ ၃ နှစ်အထိ ကြာရှည်သွားနိုင်ကြောင်း ဦးဖေသန်းက ပြောသည်။
၎င်းက “အဲတာကတော့ သူတို့ရဲ့ အစီအမံ အတိုင်းပါပဲဗျာ။ သူတို့က ရေရှည်သွားမယ်ဆိုလည်း သွားလို့ရတာပေါ့။ အမှုကို ရက်ကြာကြာ ချိန်းမယ်ဆိုလည်း ရေရှည်သွားလို့ရတာပေါ့။ တစ်မှုပြီးတစ်မှု စစ်မယ်ဆိုရင်လည်း ရေရှည်သွားလို့ရတာပေါ့။ ဒါက အနည်းဆုံးတော့ ၂ နှစ်၊ ၃ နှစ်တော့ သူတို့ စစ်သွားမှာပေါ့။ အဲလိုပဲ မြင်နေရတယ်။ အမှု ၁၀ ကျော်ကို ဒီအတိုင်း ခဏ လေးနဲ့ ပြတ်မှာတော့ မဟုတ်ဘူး။ အဲတာကတော့ သူတို့ရဲ့ ရည်ရွယ်ချက်ရှိရှိ အချိန်ဆွဲပြီး လုပ်ရင် လုပ်သလောက် ကြာသွား နိုင်တာပေါ့” ဟု CNI သို့ ပြောသည်။
လက်ရှိ ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုထားသည့် အမှု ၁၁ မှုထဲမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ နှင့် ပုဒ်မ ၅၀၅(ခ)တို့ဖြင့် စွဲဆိုထားသည့် အမှုများကို နိုဝင်ဘာ ၃၀ ရက်တွင် အပြီးသတ် အမိန့်ချမည်ဟု မူလက စီစဉ်ထားသော်လည်း ဒီဇင်ဘာ ၆ ရက်နေ့သို့ ပြန်လည် ချိန်းဆိုခဲ့သည်။