တိုင်ပေ၊ ဒီဇင်ဘာ ၁
ထိုင်ဝမ်ကို တရုတ် တိုက်ခိုက်မည်ဆိုပါက ဂျပန်နှင့်အမေရိကန်တို့ ရပ်တည်ပေးနိုင်မည်မဟုတ်ကြောင်း ဂျပန် ဝန်ကြီးချုပ် ဟောင်း ရှင်ဇိုအာဘေးက ဒီဇင်ဘာ ၁ ရက် (ယနေ့)က ပြောကြားလိုက်သည်ဟု ရိုက်တာသတင်းကို ကိုးကားလျက် Channel News Asia ဝက်ဘ်ဆိုက် က ရေးသားဖော်ပြသည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်က ၎င်းနိုင်ငံ၏အချုပ်အခြာအာဏာပိုင်ဆိုင်မှုများကို အခိုင်အမာတောင်းဆိုချိန်အတွင်း ထိုင်ဝမ်နှင့် ပတ်သက်၍ တင်းမာမှုများ တိုးလာခဲ့သည်။ ထိုင်ဝမ်အစိုးရကလည်း ငြိမ်းချမ်းရေး လိုလားသော်လည်း လိုအပ်လာလျှင် မိမိ ကိုယ်ကို ကာကွယ်သွားမည်ဟု ပြောကြားထားခဲ့သည်။
ထိုင်ဝမ်ပညာရှင် အဖွဲ့တစ်ဖွဲ့ဖြစ်သည့် အမျိုးသားမူဝါဒ သုတေသနဌာနမှ ဗီဒီယိုဖြင့် စီစဉ်ကျင်းပသည့် ဖိုရမ်တစ်ခုတွင် ရှင်ဇိုအာဘေးက ထိုင်ဝမ်ကျွန်းနှင့် ကီလိုမီတာ ၁၀၀ (သို့မဟုတ်) ထိုမျှသာ အကွာအဝေးရှိသည့် ဒိုင်ယာ အိုယုကျွန်းများ၊ စကီရှီးမားကျွန်းများ၊ ယိုနာဂူနီကျွန်းများ စသည့် ကျွန်းများနှင့်ပတ်သက်၍ ပြောကြားရာ၌ အထက်ပါအတိုင်း မှတ်ချက် ချခဲ့ခြင်း ဖြစ်သည်။
ထိုင်ဝမ်ကို လက်နက်ဖြင့် ကျူးကျော်မည်ဆိုလျှင် ဂျပန်အတွက်လည်း ဆိုးဝါးသည့် အန္တရာယ်တစ်ခုပင်ဖြစ်ကြောင်း အာဘေးက ထပ်လောင်း ပြောကြားခဲ့သည်။
“ထိုင်ဝမ်အရေးပေါ် အခြေအနေဟာ ဂျပန်အတွက်လည်း အရေးပေါ်အခြေအနေပဲဗျ။ ဒါကြောင့် ဂျပန်-အမေရိကန် မဟာမိတ် တွေအတွက် အရေးပေါ် အခြေအနေပါပဲ” ဟု ၎င်းက မှတ်ချက်ချခဲ့သည်။
ပုံ-ထိုင်ဝမ်ပြည်သူများကိုတွေ့ရစဉ်။
ထိုင်ဝမ်မှ လေကြောင်းဖြင့်လာလျှင် အချိန်တိုအတွင်း ရောက်ရှိနိုင်သော အိုကီနာဝါကျွန်း၌ ဂျပန်က အမေရိကန်၏ အဓိက စစ်အခြေစိုက် စခန်းများကို လက်ခံထားပြီး ယင်းနေရာသည် တရုတ်တိုက်ခိုက်မှု စတင်ပါက အမေရိကန်၏ ပံ့ပိုးကူညီမှုမှန် သမျှ ပေးနိုင်မည့် အရေးပါသည့်နေရာ ဖြစ်သည်။
ထိုင်ဝမ်အနေဖြင့် မိမိကိုယ်ကို ခုခံကာကွယ်သည့် နည်းလမ်းဖြင့် တောင့်ခံနိုင်ရန် အမေရိကန်က ဥပဒေဖြင့် ချည်နှောင် ထားသော်လည်း အကယ်၍ တရုတ်နှင့်ထိုင်ဝမ် စစ်ဖြစ်ပါက ထိုင်ဝမ်ကို စစ်ကူပေးရေး တပ်စေလွှတ်မည့် ကိစ္စအပေါ် ရှင်းရှင်းလင်းလင်း မသိရသေးပေ။
အမေရိကန်နှင့် ၎င်း၏မဟာမိတ်များသည် ထိုင်ဝမ်အပေါ် လက်ရှိ အနေအထား ပြောင်းလဲရန် အင်အားသုံးမည်ဆိုပါက အတိ အကျ မဖော်ပြထားသော အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က ပြီးခဲ့သည့်လတွင် ပြောကြားခဲ့ပြီးဖြစ်သည်။
ယမန်နှစ်က ဝန်ကြီးချုပ်ရာထူးမှ ဆင်းပေးခဲ့သော အာဘေးသည် လက်ရှိအာဏာရ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ၏ အကြီးဆုံး အဖွဲ့ခေါင်းဆောင်အဖြစ် ဆက်ရှိနေပြီး ပါတီအတွင်း ဩဇာထက်မြက်နေဆဲဖြစ်သည်။
ဂျပန်နှင့်ထိုင်ဝမ်တို့အနေဖြင့် လွတ်လပ်မှုနှင့်ဒီမိုကရေစီကို ကာကွယ်ရန် အတူတကွ လုပ်ဆောင်ရမည်ဟု အာဘေးက ယခု ဖိုရမ်တွင် ဆက်လက်ပြောကြားခဲ့ပြီး ထိုင်ဝမ်မြောက်ပိုင်းရှိ တအိုယွမ်မြို့တော်ဝန် ချန်ဝမ်ဆန်သည် အနာဂတ် သမ္မတလောင်း ဖြစ်လာနိုင်သည်ဟု ဖိုရမ်ကို ကြည့်ရှုနေကြသော ပရိသတ်ရှေ့မှောက်၌ ဟောကိန်း ထုတ်သွားခဲ့သည်။
“အားကောင်းတဲ့ထိုင်ဝမ်၊ တိုးတက်လာတဲ့ ထိုင်ဝမ်၊ လွတ်လပ်မှုနဲ့လူ့အခွင့်အရေးကို အာမခံတဲ့ထိုင်ဝမ်ဟာ ဂျပန်ရဲ့ အကျိုးစီးပွားလည်း ဖြစ်ပါတယ်။ ဒါကလည်း တကမ္ဘာလုံး အကျိုးစီးပွားပါပဲ” ဟု အာဘေးက ပြောကြား သွားခဲ့သည်။
Source: Reuters, Channel News Asia