ကမ်ပါလာ၊ ဒီဇင်ဘာ ၁

ကွန်ဂိုတပ်ဖွဲ့များနှင့် သဘောတူညီမှုယူ၍ ယူဂန်ဒါစစ်တပ်က ကွန်ဂိုဒီမိုကရက်တစ်နိုင်ငံ ဘက်ခြမ်းရှိ မဟာမိတ်ဒီမိုကရက် တပ်ဖွဲ့(ADF) လက်နက်ကိုင်အဖွဲ့အား လေကြောင်းမှ စီးနင်းတိုက်ခိုက်ခြင်း၊ အမြောက်များဖြင့် ပစ်ခတ်ခြင်းတို့ လုပ်ဆောင် ခဲ့ကြောင်း အယ်လ်ဂျာဇီးယားသတင်းဌာနက ရေးသားဖော်ပြသည်။

“ဒီမနက်မှာ ကျနော်တို့ ကွန်ဂိုမဟာမိတ်တွေနဲ့ ပူးတွဲပြီးတော့ ADF စခန်းတွေဘက်ကို လေကြောင်းနဲ့အမြောက်နဲ့ပါ တိုက်ခိုက် ခဲ့ပါတယ်” ဟု ယူဂန်ဒါပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက နိုဝင်ဘာ ၃၀ ရက်တွင် တွတ်တာ လူမှုကွန်ရက် တွင် ရေးသားလွှင့်တင်ခဲ့သည်။

ကွန်ဂိုအစိုးရမှ ပြောရေးဆိုခွင့်ရှိသူနှင့် ဆက်သွယ်ရေးဝန်ကြီး ပက်ထရစ်မွေယာယာကလည်း “ယူဂန်ဒါစစ်တပ်နှင့် ပူးတွဲ တိုက်ခိုက်မှုအနေဖြင့် ကွန်ဂိုနိုင်ငံအတွင်းရှိ အကြမ်းဖက် ADF အဖွဲ့၏ နေရာများကို ယူဂန်ဒါဘက်မှ လေကြောင်းနှင့် အမြောက်များ ပစ်ခတ်မှု ယနေ့စတင်ခဲ့ကြောင်း” အတည်ပြုခဲ့သည်။

ယခုလ အစောပိုင်းက ယူဂန်ဒါနိုင်ငံ၏ မြို့တော် ကမ်ပါလာတွင် လူအသေအပျောက်များခဲ့သော အသေခံ ဗုံးခွဲမှုများအတွက် ADF ကို ယူဂန်ဒါအာဏာပိုင်များက အပြစ်တင်ခဲ့သည်။ အဆိုပါ လက်နက်ကိုင်အဖွဲ့သည် ကွန်ဂိုနိုင်ငံ အရှေ့ပိုင်းတွင် လူပေါင်း ဆယ်ဂဏန်းနှင့်ချီသော တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။

ကွန်ဂိုနှင့် ယူဂန်ဒါ စစ်တပ်နှစ်ရပ်သည် သတင်းဖလှယ်မှုများနှင့် လအတန်ကြာရှိခဲ့သော်လည်း မိမိတို့ နိုင်ငံအတွင်း ယူဂန်ဒါ တပ်များ လတ်တလောမရှိကြောင်း ကွန်ဂိုအစိုးရက နိုဝင်ဘာ ၂၉ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

“ပူးပေါင်းစစ်ဆင်ရေးလုပ်မယ်လို့ ကျနော်တို့ မပြောသေးဘူး။ ပူးပေါင်း လုပ်ဆောင်မှုတွေ လုပ်မယ်လို့ပဲ ပြောထားပါတယ်” ဟု ပက်ထရစ်မွေယာယာက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သော်လည်း အသေးစိတ်ကိုမူ ထုတ်ဖော်ခြင်း မရှိပေ။

“နောက်တဆင့်တက်ဖို့ လိုအပ်ရင် ကျနော်တို့လုပ်မှာပါ” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ပုံ- ယူဂန်ဒါ စစ်တပ်ကိုတွေ့ရစဉ်။(AP)

ကွန်ဂိုနိုင်ငံအရှေ့ဘက် ယူဂန်ဒါနှင့် နယ်စပ်ရှိ ကိဗ်မြောက်ပိုင်းပြည်နယ်၊ ဝါတာလင်ဂါနယ်မြေတွင် နိုဝင်ဘာ ၃၀ ရက် နံနက် ပိုင်းက ပေါက်ကွဲသံများ ကြားခဲ့ရကြောင်း ဒေသခံများက ပြောသည်။

“အထူးသဖြင့် ဒီအခြေအနေနဲ့ပတ်သက်ပြီး ကျမတို့ကို ကြိုတင်အသိမပေးတဲ့အတွက် ဟောဒီနေရာမှာ တကယ့်ကို အလန့် တကြားဖြစ်ခဲ့ရပါတယ်” ဟု ဒေသခံတစ်ဦးဖြစ်သည့် ဂျူလီယန်ငန်ဒါယာဘိုက ရိုက်တာသတင်းဌာနသို့ ပြောသည်။

“ကျမတို့ မိသားစုတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ ADF ကြောင့်လည်း ကျမတို့ အင်မတန်နစ်နာခဲ့ရပါတယ်။ ဒါကို ဖြေရှင်းပေးမှာလားဆိုတာ စောင့်ကြည့်နေတုန်းပါ” ဟု ၎င်းက ရင်ဖွင့်ခဲ့သည်။

ဝါတာလင်ဂါနယ်မြေရှိ အကြီးအကဲတစ်ဦးဖြစ်သူ ပါစကယ်စမန်ဘီလီက “ပြင်းထန်သောဗုံးသံများကြားမှ နံနက်စောစောတွင် လူထုမှာ လန့်နိုးလာခဲ့ကြောင်း” ပြောကြားခဲ့သည်။

ကွန်ဂိုနိုင်ငံအရှေ့ပိုင်းတွင် ADF တပ်များ စစ်ဆင်ရေးတိုးမြှင့်နေကြောင်း အိမ်နီးချင်းကွန်ဂိုနိုင်ငံ၊ နိုင်ရိုဘီမြို့ရှီ Chatham House ပညာရှင်အဖွဲ့မှ နိုင်ငံရေးနှင့်စစ်ရေးလေ့လာသူ အဲလက်စ်ဗင်းစ်က အယ်လ်ဂျာဇီးယားသတင်းဌာနသို့ ပြောကြားခဲ့ သည်။

အဆိုပါ ADF တပ်ဖွဲ့ကို ယူဂန်ဒါနိုင်ငံထဲတွင် ၁၉၉၅ ခုနှစ်က တည်ထောင်ခဲ့ပြီး‌ နောက်ပိုင်းမှာတော့  ကွန်ဂိုသို့ ပြောင်းရွှေ့ခဲ့ သည်။ ADF သည် ကွန်ဂိုအရှေ့ခြမ်းရှိ နယ်မြေနှင့်သတ္တုသယံဇာတများကို ထိန်းချုပ်ရန် ကြိုးစားနေသော လက်နက်ကိုင် အဖွဲ့များထဲမှ တစ်ဖွဲ့ဖြစ်သည်။

Source: Aljazeera