CNI News
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၃၀

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့သည် ရဟတ်ယာဉ်ငှားရမ်းခြင်း၊ ဝယ်ယူခြင်းနှင့်ထိန်းသိမ်းစောင့်ရှောက်ရေးကိစ္စ ရပ်များတွင် ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများကို မလိုက်နာခဲ့ခြင်းကြောင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ ဖြင့် အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်နေသည်ဟု နစက-က ယနေ့ (နိုဝင်ဘာ ၃၀ ရက်)တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်ဦးဝင်းမြင့်တို့သည် ဝယ်ယူပြီးသော ရဟတ်ယာဉ်၏ Operation and Maintenance ကိစ္စ ဆောင်ရွက်ရာတွင် ကုမ္ပဏီတစ်ခုနှင့် လုပ်ငန်းအပ်နှံရေးစာချုပ်ပါ အချက်များအား စိစစ်ညွှန်ကြား ရန် ပျက်ကွက်ခဲ့ခြင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုများနှင့် ဘေးသင့်သူများအတွက်သာ သုံးစွဲရမည့် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ သုံးစွဲခဲ့သဖြင့် ဘဏ္ဍာရေး စည်းမျဉ်းများကို လိုက်နာရန် ပျက်ကွက်ခဲ့ သည်ဟု ဆိုသည်။

နစက-က “ရဟတ်ယာဉ်နောက်ကျရောက်ရှိမည့် အခြေအနေကို ကြိုတင်သိရှိခဲ့ပြီး ဖြစ်သော်လည်း ထိန်းသိမ်းမည့် ကုမ္ပဏီ နှင့် လိုအပ်သလို ညှိနှိုင်း၍ စာချုပ်ပြင်ဆင် ချုပ်ဆိုခဲ့မှုမရှိခြင်း၊ စာချုပ်အရ ကြိုတင်ပြင်ဆင်မှုကာလ ဝန်ဆောင်ခ အမေရိကန်ဒေါ်လာ ၂၇၀,၀၀၀ ကိုသာ ပေးချေသင့်သော်လည်း ငါးလအတွက် ဝန်ဆောင်ခ အမေရိကန်ဒေါ်လာ ၄၉၂,၆၆ ၇ ကို ရဟတ်ယာဉ် မရောက်သေးဘဲ ကြိုတင်ပေးချေထားခြင်းတို့ကြောင့် နိုင်ငံတော်၏ဘဏ္ဍာငွေကြေးကို ထိခိုက်နစ်နာ ဆုံးရှုံးစေခဲ့သည်”ဟု ဆိုသည်။

ပုံ-အီတလီနိုင်ငံ Leonardo S.P.A ကုမ္ပဏီမှ ဝယ်ယူခဲ့သည့် XY-AFT ရဟတ်ယာဉ်ကို ဒေါ်အောင်ဆန်းစုကြည် လိုက်ပါ စီးနင်းကြည့်ခဲ့စဉ်

ထို့နောက် နိုင်ငံတော်၏ ဘဏ္ဍာငွေကြေးကို ထိခိုက်နစ်နာ ဆုံးရှုံးစေခဲ့ခြင်းအတွက် သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူ ပြည်ထောင်စုဝန်ကြီးဟောင်း ဒေါက်တာဝင်းမြတ်အေးအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ အရ နေပြည်တော်၊ ဘုရားကုန်းမြို့မရဲစခန်းတွင် ၂၀၂၁ ခုနှစ်၊ သြဂုတ် ၂၇ ရက်နေ့၌ ပထမသတင်းပေးတိုင်ကြားချက် ဖွင့်လှစ်ခဲ့ ကြောင်း နစက၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

နစက-က ထပ်မံစစ်ဆေးပေါ်ပေါက်ချက်များအရ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည်လည်း နိုင်ငံရေးရာထူး လက်ရှိ ဖြစ်ခဲ့စဉ်က ရဟတ်ယာဉ်ငှားရမ်းခြင်း၊ ဝယ်ယူခြင်းနှင့်ထိန်းသိမ်း စောင့်ရှောက်ရေးကိစ္စရပ်များတွင် ၎င်းတို့၏ လုပ်ပိုင်ခွင့် အခွင့်အာဏာကို အသုံးပြု၍ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများကို လိုက်နာ ဆောင်ရွက်ခြင်းမပြုဘဲ ရုံးတွင်း စာ အဆင့်ဆင့်ဖြင့် ဆက်လက် ဆောင်ရွက်ရန် ခွင့်ပြုပေးခဲ့သဖြင့် နိုင်ငံတော်၏ ဘဏ္ဍာငွေကြေး၊ ပိုင်ဆိုင်မှုကို ထိခိုက် နစ် နာ ဆုံးရှုံးစေခဲ့ခြင်းအတွက် ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ နေပြည်တော်၊ ဘုရားကုန်းမြို့မရဲစခန်းတွင် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၃၀ ရက်နေ့၌ ပထမသတင်းပေး တိုင်ကြား ချက်ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်ဟု ထုတ်ပြန်ခဲ့သည်။

ပုံ-AP

လက်ရှိတွင်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ဆက်သွယ်ရေးဥပဒေဖြင့် ၁ မှု၊ ပို့ကုန်သွင်းကုန်ဥပဒေဖြင့် ၁ မှု၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅  ဖြင့် ၂ မှု၊ ပုဒ်မ ၅၀၅ (ခ) ၁ မှု၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဖြင့် ၄ မှု စုစုပေါင်း ၁၀ မှုဖြစ် တရားစွဲဆိုထားသည်။

အဆိုပါ ၁၀ မှုထဲမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ နှင့် ပုဒ်မ ၅၀၅(ခ)တို့ဖြင့် စွဲဆိုထားသည့် အမှုများကို ယနေ့ အပြီးသတ် အမိန့်ချမည်ဟု မူလက စီစဉ်ထားသော်လည်း မည်သည့် အကြောင်းကြောင့် မသိရဘဲ ဒီဇင်ဘာ ၆ ရက်နေ့သို့ ပြန်လည် ချိန်းဆိုခဲ့သည်။