၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၇
တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)ကြား တိုက်ပွဲများ မဖြစ်ရေး ယာယီအပစ်အခတ်ရပ်စဲထားသော်လည်း ပဏာမ အပစ် အခတ်ရပ်စဲရေး(Bilateral)ထိုးနိုင်ရေးမှာ မလွယ်သေးဘူးဟု AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က CNI သို့ ပြောသည်။
ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းမှာ တပ်မတော်နှင့် AA ကြား ၂၀၁၈ ခုနှစ်၊နိုဝင်ဘာလမှ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလအထိ တိုက်ပွဲများ ဖြစ်ပွားခဲ့သော်လည်း ဂျပန်အထူးကိုယ်စားလှယ် မစ္စတာဆာဆာကာဝါ၏ ကြားဝင် စေ့စပ်ညှိနှိုင်းမှုဖြင့် ယာယီအပစ်အခတ်ရပ်စဲကာ တိုက်ပွဲများ ရပ်တန့်ထားသည်။
ထို့ကြောင့် ယာယီအပစ်အခတ်ရပ်စဲရေးအဆင့်မှ ပြည်နယ်-ပြည်ထောင်စုအဆင့် (Bilateral)ထိုးနိုင်ရေး ဂျပန်အထူးကိုယ် စားလှယ် အပါအဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆောင် ရွက်နေသူများက မျှော်လင့်နေကြသည်။
ဗိုလ်ချုပ်ထွန်းမြတ်နိုင်က “အဲ့တာကတော့ သိပ်လွယ်မှာမဟုတ်ဘူး။ ကျနော်တို့မှာလည်း ဒီဘက်မှာ မဟာမိတ်တွေရှိတယ် ဆိုတော့ အကုန်လုံးကို အခြေအနေတွေ စောင့်ကြည့်ပြီးမှ လုပ်ဆောင်ရမယ့် အပိုင်းတွေဖြစ်တယ်။ အခု လောလောဆယ် က ယာယီအပစ်အခတ် အဆင့်မှာပဲ ရှိနေမှာပါ။ တစ်ပြည်လုံးအတိုင်းအတာ နိုင်ငံရေးအခြေအနေကိုလည်း ကျနော်တို့က ကြည့်ရအုံးမယ်လေ”ဟု CNI သို့ ပြောသည်။
ဂျပန်အစိုးရ၏ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါသည် မြန်မာနိုင်ငံသို့ နိုဝင်ဘာ ၁၂ ရက်မှ ၁၉ ရက်ထိ လာရောက်ခဲ့ပြီး ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့်လည်း အွန်လိုင်းကနေ တွေ့ဆုံ ကာ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများရပ်တန့်နေခြင်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ရေး ဆွေးနွေးခဲ့ကြသည်။
ပုံ-မစ္စတာ ဆာဆာကာဝါကို တွေ့ရစဉ်။
မစ္စတာဆာဆာကာဝါက“တပ်မတော်နဲ့ရက္ခိုင့်တပ်တော်ကြားထဲမှာ အပစ်အခတ်ရပ်စဲမှုပြုလုပ်တာ အခုအချိန်အခါမှာဆို လို့ရှိရင် တစ်နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ အင်မတန် ပြင်းထန်တဲ့တိုက်ပွဲတွေ ဖြစ်ခဲ့သော်ငြားလည်း ကျနော့်ရဲ့ အနည်းအငယ် မျှသော အင်အားနဲ့ အပစ်အခတ်ရပ်စဲမှုတွေ အထမြောက်အောင် ကျနော့်အနေနဲ့ ဝင်ရောက်ဆောင်ရွက်ပေးနိုင်ခဲ့လို့လည်း အင်မတန် ဝမ်းသာ ပါတယ်။ အခုလက်ရှိ ရခိုင်ပြည်နယ်ရဲ့ ငြိမ်းချမ်းတဲ့ အခြေအနေကို ကျနော်ကိုယ်တိုင် လက်တွေ့ လာ ရောက်ကြည့်ရှုတဲ့ အချိန်မှာ ငြိမ်းချမ်းတဲ့အနေအထားရှိတယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်”ဟု ပြောသည်။
ထို့နောက် တိုက်ပွဲကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေကြရသည့် ရခိုင်ပြည်နယ်ရှိ IDP စခန်းများအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီ အမေရိကန် ဒေါ်လာ ၃ သန်းလှူဒါန်းခဲ့သည်။
လက်ရှိတွင် ရခိုင်ပြည်နယ်၌ တပ်မတော်နှင့် AA ကြား တိုက်ပွဲများ မရှိသလောက်ပင် ရပ်တန့်နေပြီး ဒေသခံများ တည်ငြိမ် အေးချမ်းမှုကို ရရှိခံစားလျက်ရှိနေသည်။
AA သည် ပဏာမ အပစ် အခတ်ရပ်စဲရေး(Bilateral)ထိုးနိုင်ရေးအတွက် ကိုးကန့်အဖွဲ့(MNDAA)၊ ပလောင်အဖွဲ့(TNLA)၊ ကချင်အဖွဲ့(KIA)တို့နှင့်အတူ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိသည်။
သို့သော် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ နိုင်ငံရေး အပြောင်းအလဲ မဖြစ်ခင်အထိ ဆွေးနွေးညှိနှိုင်းမှုများ မကြာခဏရှိ ခဲ့သော်လည်း လက်ရှိမှာတော့ ငြိမ်းချမ်းရေးဆွေးနွေးမှုများ ရပ်တန့်နေပြီး ပြန်လည်စတင်နိုင်ရန်အတွက် နစက-က ကြိုး ပမ်းလျက်ရှိနေသည်။