ကီးယက်၊ နိုဝင်ဘာ ၂၇

မိမိ၏ ယူကရိန်းအစိုးရကို လာမည့် သီတင်းပတ်တွင် ဖြုတ်ချရန် ရုရှားနိုင်ငံသားအချို့နှင့် စီးပွားရေးသမားတို့ ပူးပေါင်း ကြံစည်နေကြောင်း ယူကရိန်းသမ္မတ ဇီလန်းစကီးက သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်တွင် ဖွင့်ချလိုက်ကြောင်း ဘီဘီစီ အင်္ဂလိပ်ပိုင်း ဝက်ဘ်ဆိုက်က ဖော်ပြထားသည်။

ထို့နောက် ယူကရိန်းပိုင်နက်အတွင်းသို့ ရုရှားတပ်များ ကျူးကျော်လာမည်ကို စိုးရိမ်မှုတိုးပွားလာနေခဲ့ကြောင်း ဆိုသည်။

တစ်ချိန်တည်းမှာပင် ကရင်မလင် ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ယူကရိန်းသမ္မတ ဇီလန်းစကီး စွပ်စွဲသကဲ့သို့ ရုရှားတို့တွင် အစီအစဉ်မရှိကြောင်း တုံ့ပြန်ခဲ့သည်။ မော်စကိုသည် ယူကရိန်းနယ်စပ်၌ တပ်ဖွဲ့များ ဖြန့်ကြက်ထား၍ စစ်ရေးလှုံ့ဆော်နေခြင်း မဟုတ်ကြောင်း ၎င်းက ပယ်ချခဲ့သည်။

ယူကရိန်းအပေါ် ရုရှားက အင်အားသုံးခြင်းသည် အရာထင်မည်မဟုတ်ဘဲ ကုန်ကျစရိတ်သာ များလိမ့်မည်ဖြစ်ကြောင်း မြောက်အတ္တလန္တိတ်စစ်စာချုပ်အဖွဲ့(နေတိုး) အထွေထွေ အတွင်း ရေးမှူးချုပ် ဂျန့်စ်စတိုဘန်ဘက်က နိုဝင်ဘာ ၂၆ ရက်၌ သတိပေးခဲ့သည်။

ထို့ပြင် ရုရှားနိုင်ငံဘက်မှ ထွက်ပေါ်လာသော “အလွန်အန္တရာယ်များသည့် လေလုံးထွားမှုများ”ကို ယူကရိန်းသမ္မတ ဇီလန်းစကီးက ရှုတ်ချခဲ့သည်။

ပုံ- ယူကရိန်းသမ္မတ ဇီလန်းစကီးနဲ့ ရုရှားသမ္မတ ပူတင်ကိုတွေ့ရစဉ်။(AA)

“ဒါဟာ သူတို့က အရှိန်အဟုန်မြှင့်တင်လာတဲ့ အချက်ပြမှုပါပဲ။ မနက်ဖြန်စစ်ဖြစ်တော့မလိုလို ဒီနေ့ခြိမ်းခြောက်မှုတွေ ရှိနေပြီ။ ဒီလိုမြှင့်တင်လာတဲ့အပေါ် ကျနော်တို့ကလည်း လုံးဝဥဿုံ ပြင်ဆင်ထားပြီးဖြစ်ပါတယ်” ဟု ဇီလန်းစကီးက ပြောကြားခဲ့သည်။

ပြီးခဲ့သည့် မတ်လက ယူကရိန်း သိမ်းပိုက်ခဲ့သော ခရိုင်းမီးယားကျွန်းဆွယ်တွင် ယခုအခါ ရုရှားတပ်ဖွဲ့ဝင်အများစု ရောက်ရှိနေ ကြသည်။ မကြာသေးမီက ယူကရိန်းအရှေ့ပိုင်း ဒွန်ဘတ် (Donbas) ဒေသ အနီးတွင်လည်း ရုရှားတပ်ဖွဲ့ဝင်များ ဖြန့်ကြက်ချ ထားခဲ့ပြီး လူဟန်စက် (Luhansk) နှင့် ဒွန်နက်စတက် (Donetsk) ဒေသများ၏ တစ်စိတ်တစ်ပိုင်းကို ရုရှား ကျောထောက် နောက်ခံ ပြုထားသည့် ခွဲထွက်ရေးသမားများ၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိနေသည်။

 

“လာမယ့် ဒီဇင်ဘာ ၁ ရက်နေ့ကျရင် ကျနော်တို့နိုင်ငံကို အာဏာသိမ်းတော့မယ်လို့ သတင်းရထားပါတယ်” ဟု ယူကရိန်း သမ္မတက ၎င်း၏ရှည်လျားလှသော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

သမ္မတ၏ ပြိုင်ဘက်ဟု ရှုမြင်ခံရသော ယူကရိန်းစီးပွားရေးသမား သူဌေးကြီး ရီနက်အက်ခ်မီသည် ရုရှား၏ စည်းရုံးဆွဲဆောင် ခြင်းခံနေရသည်ဟု ယူကရိန်းသမ္မတ ဇီလန်းစကီးက သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။

ရီနက်အက်ခ်မီကတော့ သမ္မတ၏ ပြောကြားချက်များကို ပယ်ချခဲ့ပြီး လိမ်လည်လှည့်ဖြား၍ ပြောခြင်းအပေါ် ဒေါသထွက်မိ ကြောင်း ပြောကြားခဲ့သည်။

ယူကရိန်းသမ္မတက စွပ်စွဲလိုက်သော အကြောင်းအရာများတွင် ရုရှားအစိုးရဟု တိုက်ရိုက် တပ်အပ် မပြောခဲ့သော်လည်း ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့က “ရုရှားက ဒါမျိုး ဘယ်တော့မှ မလုပ်ဘူး” ဟု ချက်ချင်းဆိုသလို တုံ့ပြန်ခဲ့သည်။

Source: BBC