CNI News

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၈

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ ဗဟိုပြန်ကြားရေးတာဝန်ခံ မုံရွာအောင်ရှင် ယနေ့ (နိုဝင်ဘာ ၂၈ ရက်) နံနက် ၆ နာရီက နှလုံးသွေးကြောပိတ်ကာ ကွယ်လွန်သွားခဲ့ပြီး ဖြစ်ကြောင်း ဇနီးဖြစ်သူက CNI သို့ အတည်ပြု ပြောသည်။

မုံရွာအောင်ရှင်သည် ပန်းနာရင်ကြပ်ရောဂါ အခံရှိပြီး နှလုံးသွေးကြောပိတ်၍ နိုဝင်ဘာ ၂၁ ရက်နေ့က ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ တက်ရောက် ဆေးကုသမှုခံယူနေပြီးနောက် ၂၄ ရက်နေ့မှာ ဆေးရုံက ဆင်းခဲ့သည်။

ထို့နောက် ယနေ့ (နိုဝင်ဘာ ၂၈ ရက်)နံနက် ၆ နာရီတွင် ကွယ်သွားခဲ့ခြင်းဖြစ်သည်ဟု ဇနီးဖြစ်သူက ပြောသည်။

၎င်းက “ဟုတ်ပါတယ်။ ဒီနေ့ မနက် ၆ နာရီက ကွယ်လွန်သွားတာ အရင်က ပန်းနာရင်ကြပ် ရောဂါ အခံရှိတယ်။ ၂၁ ရက်နေ့မှာ နှလုံးသွေးကြောပိတ်လို့ ရန်ကုန်ပြည်သူ့ဆေးကြီးကိုပို့ခဲ့တာ ၂၄ ရက်နေ့ကျတော့ သက်သာလို့ ပြန်ဆင်းလာတာ။ ဒီနေ့ မနက်ကြတော့ အခုလိုဖြစ်သွားတာပါ”ဟု CNI သို့ ပြောသည်။

မုံရွာအောင်ရှင်ကို နိုဝင်ဘာ ၃၀ ရက်နေ့တွင် ရေဝေးသုသာန်မှာ သင်္ဂြိုဟ်မည်ဖြစ်ကြောင်း ဇနီးဖြစ်သူက ပြောသည်။

မုံရွာအောင်ရှင်သည် မြန်မာနိုင်ငံတွင်  ဒီမိုကရေစီအရေးနှင့်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေး ကြိုး ပမ်းခဲ့သူဖြစ်သလို တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုလည်း အစဉ်တစိုက် ကြိုးပမ်းခဲ့သူဖြစ်သည်။