CNI International News

စင်ကာပူ နိုဝင်ဘာ ၂၅

ဒစ်ဂျစ်တယ် ဝန်ဆောင်မှုများကို အနှောင့်အယှက် ပေးခြင်းမှာ မြန်မာနိုင်ငံမှ ငွေတိုက်စာချုပ်များ ရောင်းချခြင်းနှင့် ဆက်စပ် နေကြောင်း သတင်းများထွက်ပေါ်နေခြင်းအား စင်ကာပူအခြေစိုက် (The Development Bank of Singapore Limited) DBS ဘဏ်က နိုဝင်ဘာ ၂၄ ရက်တွင် ငြင်းဆိုလိုက်သည်ဟု သည်စထရိတ်တိုင်းမ်မှ ဖော်ပြထားသည်။

DBS ဘဏ်၏ ဝန်ဆောင်မှုများသည် နိုဝင်ဘာ ၂၃ ရက်က ပြတ်တောက်သွားပြီးနောက် စင်ကာပူမှ account များ ဖွင့်ထားကြ သည့် DBS နှင့် POSB သုံးစွဲသူများအတွက် ထိခိုက်ခဲ့ရသည်။

အဆိုပါ ပြဿနာကို နိုဝင်ဘာ ၂၄ ရက် နံနက်ပိုင်း၌ ဖြေရှင်းပြီးစီးကြောင်း DBS ဘဏ်က ပြောသော်လည်း နောက်ပိုင်းတွင် ထပ်မံဖြစ်ပွားခဲ့သည်။

ဒစ်ဂျစ်တယ် ပြတ်တောက်မှုသည် ဆယ်စုနှစ် တစ်ခုအတွင်း အရှေ့တောင်အာရှ၏ အကြီးမားဆုံး ငွေချေးသူဖြစ်သည့် DBS ဘဏ်အတွက် အဆိုးဝါးဆုံး အကျပ်အတည်း ဖြစ်ခဲ့သည်။

“DBS ၏ ဒစ်ဂျစ်တယ် ဘဏ်စနစ် ဝန်ဆောင်မှု ပြတ်တောက်မှုသည် မြန်မာနိုင်ငံမှ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ငွေတိုက် စာချုပ်များ ရောင်းချနေခြင်းနှင့် ဆက်စပ်နေသည်ဟု ကောလာဟလများ ထွက်ပေါ်နေကြောင်း၊ ၎င်းအချက်မှာ မဟုတ်မှန်ကြောင်း၊ DBS ဘဏ်သည် ယင်းကဲ့သို့ စာချုပ်များ ရောင်းချပေးခြင်း မရှိသေး” ဟု အဆိုပါဘဏ်က နိုဝင်ဘာ ၂၄ ရက် မွန်းလွဲပိုင်း၌ တွစ်တာလူမှုကွန်ရက်တွင် ထုတ်ပြန်၍ ကောလာဟလများကို ငြင်းဆိုခဲ့သည်။

NUG မှ ထုတ်ပေးသော အတိုးမဲ့ ငွေချေးစာချုပ်များကို ဝယ်ယူရန်အတွက် မြန်မာနိုင်ငံသားများက DBS နှင့် POSB အွန်လိုင်း ဝန်ဆောင်မှုများကို သုံးစွဲ၍ အရောင်းအဝယ် ပမာဏ များပြားလွန်းခြင်းကြောင့်  ဒစ်ဂျစ်တယ် ဝန်ဆောင်မှု အနှောင့်အယှက် ဖြစ်ခဲ့ရကြောင်း မြန်မာနိုင်ငံမှလာသည့် သတင်းအချို့တွင် နိုဝင်ဘာ ၂၃ ရက်က ဖော်ပြခဲ့ကြသည်။

NUG သည် နိုဝင်ဘာ ၂၂ ရက်တွင် စတင်ဖွင့်လှစ်သည့် ဘွန်းစာချုပ် ရောင်းချမှုဖွင့်ပွဲနေ့တွင် အမေရိကန်ဒေါ်လာ ၆ ဒသမ ၃ သန်း (စင်ကာပူဒေါ်လာ ၈ ဒသမ ၆ သန်း) ရရှိခဲ့ကြောင်း နိုဝင်ဘာ ၂၃ ရက်စွဲဖြင့် ရိုက်တာသတင်းတစ်ပုဒ်တွင် တွေ့ရသည်။

အမေရိကန်ဒေါ်လာ ၁၀၀၊ ၅၀၀၊ ၁,၀၀၀၊ ၁,၅၀၀ နှင့် ၅,၀၀၀ အသီးသီး သတ်မှတ်ထားသော (၂)နှစ်သက်တမ်းရှိ စာချုပ်များ သည် ဝယ်သူများအတွက် အတိုးဝင်ငွေ မရှိသော်လည်း ပထမ ၃ နာရီအတွင်း အမေရိကန်ဒေါ်လာ ၃ သန်းဖိုး ရောင်းချခဲ့ရ သည်ဟု NUG ကို ကိုးကားဖော်ပြခဲ့သည်။

ထို့နောက် တစ်နေ့တာ ကုန်ဆုံးချိန်၌ ဒေါ်လာ ၆ ဒသမ ၃ သန်းအထိ ရရှိခဲ့သည်ဟု ဆိုသည်။

၎င်းတို့၏ အလုံးစုံပစ်မှတ်မှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် အာဏာရယူခဲ့သော တပ်မတော်ကို ဖြုတ်ချရန် တော်လှန်ရေး အတွက် အမေရိကန်ဒေါ်လာ ၁ ဘီလီယံ စုဆောင်းရန် ဖြစ်သည်။

တပ်မတော်၏ အာဏာရယူမှုသည် ဆယ်စုနှစ်တစ်ခုကြာ ဒီမိုကရေစီနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲရေးကို အဆုံးသတ်ခဲ့ သည်။ ထို့ပြင် လုံခြုံရေးတပ်ဖွဲ့များက ထောင်နှင့်ချီသော အတိုက်အခံများကို ဖမ်းဆီးခဲ့သည်။ အာဏာရယူထားသော တပ်မတော်ကို တစ်နိုင်ငံလုံးက တော်လှန်ကြရန် NUG တိုက်တွန်း ကြေညာထားသည်။

 Source: The Straits Times