ဘင်ဂါဇီ၊ နိုဝင်ဘာ ၂၅
ကွယ်လွန်သူ အာဏာရှင် မိုမာကဒါဖီ၏ သားဖြစ်သူကို ဒီဇင်ဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ သမ္မတအဖြစ် ဝင်ရောက် အရွေးချယ်ခံရန် အရည်အချင်း မပြည့်မီကြောင်း လစ်ဗျားနိုင်ငံ၏ ရွေးကောက်ပွဲဆိုင်ရာ ထိပ်တန်းအဖွဲ့အစည်းက ပြောကြားခဲ့ သည်ဟု အေပီသတင်းတွင် ဖော်ပြထားသည်။
၎င်း၏ ယခင်ပြစ်မှုများကို အကြောင်းပြ၍ အရည်အချင်း မပြည့်မီကြောင်းပြခဲ့သည်ဟု ဆိုသည်။
ဆစ်ဖ်အယ်လ်အစ္စလာမ်ကဒါဖီ၏ အမည်ကို နိုင်ငံ၏အမြင့်ဆုံး အမျိုးသား ရွေးကောက်ပွဲကော်မတီမှ ထုတ်ပြန်သည့် အရည် အချင်း မပြည့်မီသော ကိုယ်စားလှယ်လောင်းများ စာရင်းတွင် ထည့်သွင်းထားခဲ့ပြီး လာမည့် ရက်ပိုင်းအတွင်း တရားရုံးတွင် ယင်းဆုံးဖြတ်ချက်ကို အယူခံဝင်နိုင်ကြောင်း အေပီက ဆက်လက်ရေးသားထားသည်။
၎င်းအပေါ် ထရီပိုလီမြို့တော်ရှိ တရားရုံးက ၂၀၁၅ ခုနှစ်တွင် ၎င်း၏ဖခင် အာဏာရှင်ကို ဆန့်ကျင်သည့် လူထုအုံကြွမှု၌ ဆန္ဒပြ သူများအား အကြမ်းဖက်မှုဖြင့် သေဒဏ်ချမှတ်ခံခဲ့ရသော်လည်း ထိုစဉ်က စီရင်ချက်မှာ ယခုအခါ လစ်ဗျားတွင် မေးခွန်း ထုတ် စရာ ဖြစ်လာခဲ့သည်။
ထို့ပြင် အာရပ်နွေဦး လူထုအုံကြွမှုနှင့်ဆက်စပ်၍ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်ဆိုင်ရာ စွဲချက်များဖြင့်လည်း နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) က ကဒါဖီ၏သားကို အလိုရှိနေသည်။
ပုံ-လစ်ဗျားနိုင်ငံ အမျိုးသားရွေးကောက်ပွဲကော်မရှင်အဖွဲ့ကိုတွေ့ရစဉ်။(AP)
လစ်ဗျားနိုင်ငံတွင် ဒီမိုကရေစီအနာဂတ်ကို ရှေးရှုလျက် ပြည်တွင်းစစ် အဆုံးသတ်ရန် နှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့ပြီးနောက် သမ္မတရွေးကောက်ပွဲကို လာမည့် ဒီဇင်ဘာလ ၂၄ ရက်တွင် ကျင်းပရန် စီစဉ်ထားသည်။
၂၀၁၁ ခုနှစ်၊ မိုမာကဒါဖီ ဖြုတ်ချခံရခြင်းနှင့်အတူ သတ်ဖြတ်ခံရပြီးနောက် ရေနံသယံဇာတ ကြွယ်ဝသော လစ်ဗျားနိုင်ငံတွင် ပြီးခဲ့သည့် ဆယ်စုနှစ် တစ်ခုအတွင်း ပြိုင်ဘက်အစိုးရများ ကွဲထွက်သွားခဲ့သည်။ အစိုးရတစ်ရပ်က မြို့တော်ထရီပိုလီတွင် အခြေစိုက်ပြီး နောက်ထပ် အစိုးရတစ်ရပ်ကတော့ နိုင်ငံ၏ အရှေ့ဘက်ခြမ်းတွင် အခြေစိုက်လျက် အသီးသီး အုပ်ချုပ်နေခဲ့ ကြသည်။
ပြည်တွင်းစစ်အတွင်း အဆိုပါ အစိုးရနှစ်ရပ်တို့သည် တူရကီ၊ ရုရှား၊ ဆီးရီးယားနှင့် ဒေသတွင်းရှိ အခြားအင်အားကြီး နိုင်ငံများ ထံမှ ကြေးစား စစ်သားများနှင့် နိုင်ငံခြားတပ်ဖွဲ့များ ပံ့ပိုးမှုအသီးသီး လက်ခံရရှိခဲ့ကြသည်။
လစ်ဗျားအာဏာရှင် ဟောင်း၏ သားဖြစ်သူသည် လစ်ဗျားတောင်ပိုင်းရှိ ဆာဘားမြို့တွင် နိုဝင်ဘာ ၁၄ ရက်က သမ္မတအဖြစ် ဝင်ရောက်အရွေးခံရန် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းခဲ့သည်။ ၎င်းသည် လန်ဒန်စီးပွားရေးတက္ကသိုလ်တွင် ပါရဂူဘွဲ့ရရှိခဲ့ပြီး အသက် ၄၉ နှစ်အရွယ်ရှိပြီ ဖြစ်သည်။
Source: AP