၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၅

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်များ အဝတ်အထည်နှင့် စောင်များ လိုအပ် နေသည်ဟု ကျောက်မဲပရဟိတအသင်းမှ ဦးတင်မောင်သိန်းက CNI သတင်းဌာနကို ပြောသည်။

ရှမ်းပြည်သည် အေးသည့်ဒေသဖြစ်သည့်အတွက် ယခုကဲ့သို့ မိုးအကုန် ဆောင်းအကူးကာလမှာ တိုက်ပွဲရှောင်များ အတွက် အဝတ်အထည်၊ စောင်များလိုအပ်ကြောင်း၊ အလှူရှင်များရှိသော်လည်း ဒေသရာသီဥတုကို တောင့်ခံ နိုင်သည့် အနွေးထည်မျိုး မပါရှိသည့်အတွက် လိုအပ်ချက်များရှိနေကြောင်း ဦးတင်မောင်သိန်းက ပြောသည်။

“စစ်ပြေးရှောင်လာတဲ့အချိန်မှာ မိုးတွေ ရွာနေတယ်။ သူတို့ကလည်း စစ်ရှောင်ဖြစ်တဲ့အတွက် သူတို့ယူလာနိုင်တဲ့ စောင်လေးတစ်ထည်နှစ်ထည်လောက်ပဲပါမှာ။ ဘာမှမပါနိုင်ဘူး။ ကျနော်တို့ အလှူခံရရှိတဲ့ အဝတ်အစား ဆိုတာ ကလည်း ဒီ ရှမ်းပြည်ရာသီဥတုကို အန်တုနိုင်တဲ့ အနေအထားနည်းတယ်ဗျ။ ဒါကြောင့်မို့လို့ လိုအပ်ချက်တွေ ရှိနေတာဗျ” ဟု သူက ပြောသည်။

လက်ရှိ ကျောက်မဲတွင် တိုက်ပွဲဖြစ်ပွားမှု မရှိသော်လည်း နယ်မြေတည်ငြိမ်မှု မရှိသည့်အတွက် တိုက်ပွဲရှောင် များ၏ လုံခြုံရေးအခြေအနေ စိုးရိမ်ရတာကြောင့် နေရပ်မပြန်နိုင်သေးကြောင်း ၎င်းက ဆက်ပြောသည်။

၎င်းအပြင် ကိုဗစ် - ၁၉ ကူးစက်မှုအခြေအနေနှင့် နိုင်ငံရေးမတည်ငြိမ်မှုများကြောင့်လည်း ယခင်ကထက် အလှူရှင်များ နည်းပါးသွားသည်ဟု သိရသည်။

တိုက်ပွဲရှောင်များ နေထိုင်ရန် ယာယီတဲများ ဆောက်လုပ်နေကြောင်းနှင့် တိုက်ပွဲရှောင်များအတွက် ပြန်လည် ထူထောင်ရေး ကိစ္စများကို အကူအညီပေးစေလိုကြောင်း တိုက်ပွဲရှောင်ကော်မတီ၏ ဥက္ကဋ္ဌ ဦးစိုင်းလင်းဟန်က CNI ကို ပြောသည်။

“သူတို့အတွက်ကတော့ ကျနော်ပြောချင်တာက‌တော့ သူတို့ ပြန်ရတဲ့အချိန်ကြရင်လေ ပြန်လည်ထူထောင်ရေး လုပ်ဖို့ လိုမှာလေ။ အဲ့အတွက်ကတော့ နည်းနည်းဝိုင်းဝန်းကူညီစေချင်တယ်လေ။ အကယ်၍ သူတို့ ပြန်ရရင်လည်း လက်ဗလာကြီး လွှတ်လိုက်ရင်လည်း သိပ်အဆင်မပြေဘူးလေ” ဟု ၎င်းက ပြောသည်။

တိုက်ပွဲရှောင်များမှာ ရှမ်းစာ‌‌ပေယဉ်ကျေးမှုရုံး၊ သန္တိသုခဓမ္မာရုံ စသည့်နေရာများအပါအဝင် နေရာ ၄ နေရာတွင် နေထိုင်ကြပြီး လူဦးရေ ၁၁၀၀ ကျော်ရှိကြောင်း ဦးစိုင်းလင်းဟန်က ပြောသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ တအာင်း အမျိုးသား လွတ်မြောက်ရေးတပ်မ‌တော် (TNLA) ပူးပေါင်းတပ်တို့အကြား တိုက်ပွဲများကြောင့် တောဆန်ကျေးရွာ၊ ဟူးဆွန် ကျေးရွာအုပ်စုမှ ‌ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရခြင်းဖြစ်ကြောင်း သိရသည်။