၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၆

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရ လက်ထက်တွင် ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်တို့ကို တပ်မတော်က အငြိမ်းစားပေး လိုက်ကြောင်း နီးစပ်သူများထံမှ သိရသည်။

ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းသည်စကခ(၁၇)၊ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနများတွင် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် လေကြောင်းရန် ကာကွယ်ရေး အရာရှိချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း ခံခဲ့ရသည်။ထို့နောက် NLD အစိုးရလက်ထက် ၂၀၁၆ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်၊ဖေဖော်ဝါရီ ၁ ရက်နေ့ထိ ကာကွယ်ရေး ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

ဒုတိဗိုလ်ချုပ်ကြီးရဲအောင်သည် ကာကွယ်ရေးဉီးစီးချုပ်ရုံး(ကြည်း)၌ စစ်ဉီးစီးမှူး(ပထမတန်း)၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (တနိုင်း)ဒု-ဒကစမှူး၊ အမှတ်(၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး၊ တပ်မတော်(ကြည်း) တိုက်ခိုက်ရေးကျောင်း (ဗထူး) ကျောင်းအုပ်ကြီး၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်စစ်ဉပဒေချုပ် တာဝန်များကို အဆင့်ဆင့် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

ထို့နောက်  NLD အစိုးရလက်ထက် ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ထိ နယ်စပ်ရေးရာဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သူဖြစ်သည်။

လက်ရှိတွင် ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းသည် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ချုပ်ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသလို ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်မှာ ဒုဥက္ကဋ္ဌ(၁)အဖြစ် တာဝန်ယူထားကြောင်း သိရသည်။

အဆိုပါ ဒုတိယဗိုလ်ချုပ်ကြီး (အငြိမ်းစား) နှစ်ဦးသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်းကတည်းက လူမြင်ကွင်း ကနေ ပျောက်ကွယ်နေခဲ့ခြင်း ဖြစ်သည်။

ယခုလက်ရှိ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်ဖွဲ့စည်းထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)နှင့် အိမ်စောင့်အစိုးရအဖွဲ့ ဝန်ကြီးဌာနများမှာလည်း ပါဝင်ခြင်း မရှိပေ။