CNI International News

အဒစ်ဘာဘာ နိုဝင်ဘာ ၂၆

အယ်လ်ဂျာဇီးယားသတင်းဌာနမှ ရရှိထားသော ဂြိုဟ်တုဓာတ်ပုံများအရ အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) နိုင်ငံသည် အီသီယိုးပီယားအစိုးရအပေါ် စစ်ရေးပံ့ပိုးသည့် အထောက်အထားများ တွေ့ရှိခဲ့ရသည်ဟု ဖော်ပြထားသည်။

အဆိုပါ ဓာတ်ပုံများအရ အီသီယိုးပီးယားမြောက်ပိုင်း တီဂရေးဒေသရှိ သူပုန်တပ်ဖွဲ့များကို တိုက်ထုတ်ရာတွင် အီသီယိုးပီယား အစိုးရအပေါ် စစ်ရေးအရ ကျယ်ကျယ်ပြန့်ပြန့် ပံ့ပိုးနိုင်ရန် လေကြောင်းနှင့်ချိတ်ဆက် ပံ့ပိုးမှုကို UAE နိုင်ငံက ဆောင်ရွက်ပေး နေခြင်းဖြစ်သည်ဟု အယ်လ်ဂျာဇီးယားသတင်းဌာန ဆိုသည်။

ယခုနှစ် စက်တင်ဘာလနှင့် နိုဝင်ဘာလအကြား ယူအေအီးနှင့် အီသီယိုးပီးယားတို့ အပြန်အလှန် လေယာဉ်ခရီးစဉ် ၉၀ ကျော် ရှိခဲ့ပြီး ၎င်းလေယာဉ်များ ဆင်းသက်သည့် နေရာများကို ရည်ရွယ်ချက်ရှိရှိဖြင့် ဖုံးကွယ်ထားသည်ကို အယ်လ်ဂျာဇီးယားက စုံစမ်းနိုင်ခဲ့သည်။

ယူအေအီးက ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကုမ္ပဏီနှစ်ခုသုံး၍ အီသီယိုးယားဘက်သို့ စစ်အရေးအရ ကျယ်ကျယ်ပြန့်ပြန့် ပံ့ပိုးပေးနေခဲ့ရာ တစ်လအတွင်း စပိန်ကုမ္ပဏီတစ်ခုတည်းဖြင့် ချိတ်ဆက်ဆောင်ရွက်ရာတွင်ပင် ယူအေအီးနှင့် အီသီယိုးပီးယား တို့ စစ်ဘက်ဆိုင်ရာ လေယာဉ်ခရီးစဉ် ၅၄ ခုရှိခဲ့သည်။

ထို့ပြင် နှစ်လအတွင်း ယူကရိန်းကုမ္ပဏီတစ်ခု၏ ဝန်ဆောင်မှုဖြင့် စစ်သုံးလက်နက် ကိရိယာများ တင်ဆောင်သည့် လေယာဉ် ခရီးစဉ် ၃၉ ခုကို နှစ်နိုင်ငံအကြား ချိတ်ဆက်ပျံသန်းပေးခဲ့သည်။

ပျံသန်းမှု ဇယားများနှင့် ဂြိုဟ်တုဓာတ်ပုံများကို လေ့လာကြည့်ရှုလျှင် မကြာသေးမီက ယူအေအီးနိုင်ငံ၊ အဘူဒါဘီမြို့ရှိ ဆွိုင်ဟန်း အခြေစိုက်စခန်းမှ အီသီယိုးပီးယားနိုင်ငံ၏မြို့တော် အဒစ်ဘာဘာ၏ တောင်ဘက်ရှိ ဟာရာမီဒါ အခြေစိုက်စခန်းသို့ မကြာသေးမီက ရောက်ရှိလာသည့် လေယာဉ်များကို တွေ့ရှိခဲ့ရသည်။

ပုံ-အီသီယိုးပီးယား ဝန်ကြီးချုပ် အဘီအာမက်ကိုတွေ့ရစဉ်။(AP)

အချို့ပုံများတွင်တော့ တရုတ်နိုင်ငံမှ ထုတ်လုပ်သည့် ဝင်းလွန်း (Wing Loonsg) မောင်းသူမဲ့ ဒရုန်းလေယာဉ်တစ်စင်း အီသီယိုးပီးယား စစ်အခြေစိုက်စခန်းများတွင် သုံးစွဲနေကြောင်းပထမဆုံးမှတ်တမ်းတွင် တွေ့ရှိခဲ့ရသည်။ အလားတူ ရုရှား နိုင်ငံမှ အီလူးရှင် (IIyushin) ကုမ္ပဏီပိုင် ကုန်တင်လေယာဉ်၏ စစ်သုံး လက်နက်ကိရိယာ အတင်အချ ပြုလုပ်ပုံကိုလည်း စုံစမ်း သိရှိခဲ့သည်။

ယခုသီတင်းပတ်များအတွင်း အဒစ်ဘာဘာမြို့မှ ကီလိုမီတာ ၂၀၀ အကွာတွင် အစိုးရတပ်နှင့် တီဂရေး သူပုန်တပ်များ ထိပ်တိုက် တွေ့ပြီးနောက် ဆာမရာ (Samara) နှင့် အက်ဇမ် (Axum) အခြေစိုက်စခန်းတို့တွင် အဆိုပါ သယ်ယူပို့ဆောင်ရေး လုပ်ငန်း လည်ပတ်မှုများ ရပ်တန့်သွားကြောင်း ပုံရိပ်မှတ်တမ်းများက ပြသနေသည်။

အီသီယိုးပီးယား မြောက်ပိုင်းဒေသ အများစုသည် ဆက်သွယ်ရေး ပြတ်တောက်နေပြီး သတင်းထောက်များ ဝင်ရောက်ခွင့်ကို အပြင်းအထန် ပိတ်ပင်ထားသောကြောင့် စစ်မြေပြင် အခြေအနေကို အတည်ပြုရန် ခက်ခဲကြောင်း အယ်လ်ဂျာဇီးယား သတင်းဌာနက ဆက်လက်ဖော်ပြခဲ့သည်။

တီဂရေးသူပုန်တပ်ဖွဲ့များကို အစိုးရတပ်မှ တိုက်ထုတ်ရန်အတွက် ဝန်ကြီးချုပ် အဘီအာမက် ရှေ့တန်းစစ်မျက်နှာသို့ သွားရောက်ခဲ့ကြောင်း အီသီယိုးပီးယား နိုင်ငံပိုင်မီဒီယာက နိုဝင်ဘာ ၂၄ ရက်၌ သတင်းဖော်ပြခဲ့ပြီး ဖြစ်သည်။

လပေါင်းများစွာ တင်းမာမှုများရှိခဲ့ပြီးနောက် အဘီအာမက်သည် ယမန်နှစ် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် မြောက်ပိုင်းဒေသ များကို စိုးမိုးထားသော တီဂရေးပြည်သူ့လွတ်မြောက် ရေးတပ်ဦး (TPLF) ကို ဖယ်ရှားရှင်းလင်းနိုင်ရေးအတွက် တီဂရေးဒေသ သို့ အစိုးရတပ်များ စေလွှတ်ဖြန့်ကြက်စေခဲ့သည်။ ၂၀၁၈ ခုနှစ် အဘီအာမက် အာဏာရလာချိန်အထိ TPLF တို့က ဖက်ဒရယ် အစိုးရကို ဆယ်စုနှစ် ၃ ခုနီးပါးကြာ လွှမ်းမိုးထားခဲ့သည်။

၂၀၁၉ ခုနှစ်က နိုဘယ်ငြိမ်းချမ်းရေးဆု ရရှိခဲ့သော ဝန်ကြီးချုပ် အဘီအာမက်သည် ၎င်း၏စစ်ဆင်ရေး အလျင်အမြန် အောင်ပွဲ ခံရမည်ဟု ကတိပြုထားခဲ့သည်။ အစိုးရတပ်က ယမန်နှစ် နိုဝင်ဘာလ အကုန်ပိုင်းတွင် တီဂရေးဒေသမြို့တော် မာကယ်လီကို သိမ်းပိုက်နိုင်ခဲ့သော်လည်း တီဂရေးတပ်ဖွဲ့(TPLF)များက ဒေသတွင်းရှိ နယ်မြေအများစုကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။

Source: Aljazeera