၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၆

ဒီမိုကရေစီပြန်လည် ထွန်းကားရေးအတွက် နွေဉီးတော်လှန်ရေးကို ဖော်ဆောင်နေရာတွင် အောင်မြင်နိုင်ရေး အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ(EAOs)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)နှင့် ပြည်သူ တစ်ရပ်လုံးမှာ တာဝန်ရှိ ကြောင်း KNU တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုမန်းမန်းက ပြောသည်။

အမျိုးသားညီညွတ်‌ရေးအစိုးရ (NUG) ၏ ထောက်ပံ့မှုဖြင့် KNU နယ်မြေအချို့တွင် ဖောက်ခွဲရေးသင်တန်းများ တက်ရောက်  စေပြီး  နိုင်ငံအတွင်းရှိ မြို့ကြီးများကို စေလွှတ်၍ ဖောက်ခွဲရေးများ ပြုလုပ်ရန် ညွှန်ကြားနေကြောင်း မြဝတီရုပ်သံလိုင်းမှာ နိုဝင်ဘာ ၂၅ ရက် ည ၈ နာရီသတင်းတွင် ကြေညာခဲ့သည်။

အဆိုပါ ကြေညာချက်နှင့်ပတ်သက်ပြီး ပဒိုမန်းမန်းက မိမိတို့အနေဖြင့် တော်လှန်ရေးအဖွဲ့အစည်း ဖြစ်သည့် အတွက် နစကကို တော်လှန်နေသော မည်သည့် အဖွဲ့အစည်းနှင့်မဆို ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြောသည်။

၎င်းက “စစ်ကောင်စီ ဘက်ကလည်း တိုင်းရင်းသား တော်လှန်ရေးနယ်မြေထဲကို သူတို့ရဲ့ ရန်သူလို သတ်မှတ်တဲ့ အပေါ်မှာ တော့ ကျနော် တို့ ဘက်ကလည်း ဒါကို ပြန်လည် ခုခံ တော်လှန် ရမယ်ဆိုတာလည်း ကျနော်တို့ရဲ့ တာဝန်ပဲလေ။ လောလော ဆယ်မှာ ပြည်သူလူထုတစ်ရပ်လုံးရဲ့ တာဝန်လို့ ပြော ရမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

ပုံ- KNU တပ်မဟာ (၁) နယ်မြေအတွင်းက PDF စခန်းတစ်ခု။

မြဝတီရုပ်သံလိုင်းမှာ နိုဝင်ဘာ ၂၅ ရက် ည ၈ နာရီသတင်းတွင် CRPH/NUG တို့မှ နိုင်ငံအတွင်း အကြမ်းဖက် လုပ်ငန်းများ ဆောင်ရွက်ရန်နှင့် PDF များ ဖွဲ့စည်းနိုင်ရန်အတွက် NLD ပါတီဝင်/အမာခံများ၊ CDM ပြုလုပ်သူများနှင့် လူငယ်များအား စည်း ရုံး လှုံ့ဆော်၍ KNU အဖွဲ့ လှုပ်ရှားရာ နယ်မြေများအတွင်း ဖောက်ခွဲဖျက်ဆီးရေး သင်တန်းများ ဖွင့်လှစ်သင်ကြားပေးနေသည် ဟု ကြေညာသွားခဲ့သည်။

ထို့နောက် သင်တန်းတက်ရောက် ပြီးသူများအား နိုင်ငံအတွင်း မြို့ကြီးများသို့စေလွှတ်၍ အကြမ်းဖက်လုပ်ငန်းများ ညွှန်ကြား ဆောင်ရွက်စေလျက်ရှိကြောင်း သိရှိရသည်ဟုလည်း ကြေညာသွားခဲ့သည်။

KNU တပ်မဟာ(၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုမန်းမန်းက “ဒီဟာနဲ့ ပတ်သက်ပြီးတော့ ထွေထွေထူးထူး မှတ်ချက်ပေးစရာ မရှိပါ ဘူး။ အဓိကတော့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ PDF နဲ့ ပူးပေါင်းပြီးမှပဲ စစ်အာဏာရှင်ကို အမြစ်ပြတ် ချေမှုန်းနိုင်ဖို့ကတော့ ကျနော်တို့ တာဝန်ရှိတာကတော့ ပြည်သူလူထု တစ်ရပ်လုံးမှာလည်း တာဝန်ရှိတယ်လေ။ ကျနော် ဒီလောက်ပဲ ပြောချင်ပါတယ်”ဟု ပြောသည်။

KNLA တပ်မဟာ (၁) နယ်မြေတွင် PDF များကို ဖောက်ခွဲရေး သင်တန်းများ ဖွင့်လှစ်သင်ကြားပေးသည့်အပြင် ၎င်းအဖွဲ့များနှင့် ပူးပေါင်းပြီး တပ်မတော်စခန်းများ၊ ရင်းဌာနချုပ်များနှင့် ရဲစခန်းများကို ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း နစက-က နို နိုဝင်ဘာ ၂၅ ရက်၌ ထုတ်ပြန်ခဲ့သည်။

တပ်မတော်ကို ဆန့်ကျင် ဆန္ဒပြသူများအား မိမိတို့အနေဖြင့် နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုအရ လက်ခံထား ခြင်းဖြစ်ကြောင်း KNU ၏ နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီးက ဩဂုတ်လအတွင်းက CNI သို့ ပြောကြားထားသည်။