၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၆
ဒီမိုကရေစီစနစ် မတည့်အတူနေဝါဒဖြစ်သည့်အတွက် ပန်းပေါင်းစုံကို ပွင့်ခွင့်ပေးရမည်ဖြစ်ပြီး ပန်းခုတ်ပွဲလုပ်၍ မရကြောင်း နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ယနေ့ (နိုဝင်ဘာ ၂၆ ရက်) နေ့လယ်ပိုင်းက နေပြည်တော်တွင် နစက သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၀/၂၀၂၁) သတင်း စာ ရှင်းလင်းပွဲတွင် အထက်ပါအတိုင်း ပြောလိုက်ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက “ကျနော်တို့ သွားနေတာသည် ပါတီစုံ ဒီမိုကရေစီ စနစ်ကို သွားတယ်လို့ ပြောတယ်။ ဒီမိုကရေစီ ဆိုတာ ပန်းပေါင်း ၁၀၀ ပွင့်ပါစေတဲ့၊ ဒီမိုကရေစီဆိုတာ ပန်းခုတ်ပွဲလုပ်နေတာမဟုတ်ဘူး။ ပန်းပေါင်း ၁၀၀ ပွင့် ပါစေဖြစ်တဲ့ အတွက်ကြောင့်မလို့ မျိုးစုံတော့ ရှိပါလိမ့်မယ်။ ပွင့်လာတဲ့ပန်းတွေဟာ လှဖို့နဲ့ အဆိပ်မဖြစ်ဖို့ပဲ လိုပါတယ်။ ဘယ်ပန်းပင် တော့ မပွင့်စေနဲ့ ဘယ်ပန်းကိုတော့ ခုတ်စေလို့ ဒီမိုကရေစီစနစ်မှာ ဆုံးဖြတ်လို့မရဘူး။ အခု ခင်ဗျားတို့ ကျနော်တို့မြင်တဲ့ အတိုင်းပဲ ခင်ဗျားပြောတဲ့အတိုင်းပဲ အစွန်းရောက်တွေရှိပါလိမ့်မယ်။ အားလုံးက လက်ခံနိုင်တယ်ဆိုတာ ကျနော်ပြောဖူး တယ်။ ဒီမိုကရေစီဆိုတာ အနှစ်ချုပ် လိုက်ရင်တော့ မတည့်အတူနေတဲ့ဝါဒပဲ”ဟု ပြောသည်။
ထို့နောက် မီဒီယာများနှင့် မိမိ မတည့်လည်း အတူနေနိုင်ရမည်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက “ခင်ဗျားတို့ မီဒီယာတွေနဲ့ ကျနော် မတည့်လည်း အတူနေနိုင်ရမယ်။ ဘယ်သူနဲ့ ဘယ်သူ မတည့်လည်း မတူနေနိုင်ရမယ်။ ကျနော်တို့ သွားဖို့ရည်မှန်းထားရင် ပန်းပေါင်း ၁၀၀ ပွင့်ပါစေနဲ့ မတည့်အတူနေ ဆိုတဲ့ ဟာကိုတော့ ကျနော်တို့က အလေးထားရမှာဖြစ်တယ်။ ဒီစနစ်ကို ကျင့်သုံးမယ်လို့ ရည်မှန်းထားရင် ဒီစနစ်နဲ့ကိုက်ညီ တဲ့ စိတ်ထားတွေ ဆောင်ရမှာဖြစ်တယ်”ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်း တပ်မတော်က နိုင်ငံတော်အာဏာကိုရယူလိုက်ပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ(နစက)ကို ဖွဲ့စည်းကာ အုပ်ချုပ်လုပ်ငန်းစဉ်များကို ဆောင်ရွက်နေသည်။တစ်ဖက်မှာလည်း ဆန့် ကျင် ကန့်ကွက်မှုများဖြင့် ဒီမိုကရေစီပြန်လည် ထူထောင်ရေး တောင်းဆိုမှုများ ရှိနေသည်။