အစ္စတန်ဘူ၊ နိုဝင်ဘာ ၂၆
တူရကီနိုင်ငံ၊ အစ္စတန်ဘူမြို့တွင် ကျင်းပခဲ့သည့် နိုင်ငံတကာတရားဥပဒေစိုးမိုးရေးအတွက် နိုင်ငံတကာ ရဲတပ်ဖွဲ့ (အင်တာပိုလ်-Interpol)နှစ်ပတ်လည်ညီလာခံတွင် နိုဝင်ဘာ ၂၅ ရက်က အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)နိုင်ငံမှ အငြင်းပွားစရာ အစိုးရအရာရှိတစ်ဦးကို အင်တာပိုလ်၏ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခန့်အပ်လိုက် ကြောင်း အေပီသတင်းတစ်ပုဒ်တွင် တွေ့ရသည်။
ယူအေအီး ပြည်ထဲရေးဝန်ကြီးဌာနမှ စစ်ရေးအရာရှိချုပ် ဗိုလ်ချုပ်အာမက်နာဆာအယ်လ်ရိုင်စီကို အင်တာပိုလ်၏ အမှုဆောင်ကော်မတီဝင်တစ်ဦးအဖြစ် လေးနှစ်သက်တမ်းအတွက် ရွေးချယ်တင်မြှောက်လိုက်ကြောင်း ကမ္ဘာလုံး ဆိုင်ရာ ရဲတပ်ဖွဲ့က ကြေညာခဲ့သည်။ ယင်းသို့ ရွေးချယ်တင်မြှောက်မှုအပေါ် ယူအေအီးပြည်တွင်း၌ နှိပ်စက် ညှင်းပန်းမှုနှင့် မတရားဖမ်းဆီးမှုများ၌ အဆိုပါ ဗိုလ်ချုပ်ပါဝင်ပတ်သက်သည်ဟု လူ့အခွင့်အရေးအုပ်စုများက စွပ်စွဲမှုနှင့်အတူ အငြင်းပွားစရာလည်း ရှိနေခဲ့သည်။
နောက်ထပ် အငြင်းပွားစရာ အင်တာပိုလ်ကိုယ်စားလှယ်လောင်းတစ်ဦးမှာ ဟူဘင်ချန် (Hu Binchen) ဖြစ်သည်။ ၎င်းသည် တရုတ်အစိုးရ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးဖြစ်ပြီး အင်တာပိုလ်၏ အမှုဆောင်ကော်မတီတွင် အာရှကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရသည်။ ဟူဘင်ချန်ကို တရုတ်အစိုးရက ကျောထောက် နောက်ခံပေးထားပြီး ပြည်နှင် ဒဏ်ခံရသော အတိုက်အခံများကို ရှာဖွေဖမ်းဆီးရန်နှင့် ကမ္ဘာလုံးဆိုင်ရာရဲတပ်ဖွဲ့ကို အသုံးချခဲ့ကြောင်း အငြင်းပွားမှုများ ရှိနေခဲ့သည်။
ပြင်သစ်အခြေစိုက် လိုင်ယွန် (The Lyon) သည် နယ်စပ်ဖြတ်ကျော်၍ ရာဇဝတ်မှုသံသယရှိသူများကို လိုက်လံ ဖမ်းဆီးရန် ကြိုးပမ်းနေသည့် အမျိုးသားရဲတပ်ဖွဲ့ဝန်ဆောင်မှုများအ တွက် ကြားခံအဖြစ် ဆောင်ရွက်နေသည်။ အယ်လ်ရိုင်စီနှင့် ဟူဘင်ချိန်တို့သည် ယခုအင်တာပိုလ်ရွေးကောက်ပွဲတွင် ရာဇဝတ်ကျူးလွန်သူများအစား နိုင်ငံရေး ရန်သူများကို ရှာဖွေဖမ်းဆီးရန် အနီရောင်သတိပေးချက်ကို အသုံးချနေကြောင်း နိုင်ငံတကာအဖွဲ့အစည်းများ၏ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။
မဲပေးမှု ၃ ကြိမ်အပြီးတွင် အယ်လ်ရိုင်စီကို ရွေးချယ်တင်မြှောက်ခဲ့ပြီး နောက်ဆုံးအကျော့တွင် ၎င်းအတွက် မဲ အရေအတွက် ၆၈ ဒသမ ၉ ရာခိုင်နှုန်းရရှိခဲ့ကြောင်း အင်တာပိုလ်က ပြောသည်။
“အင်ပိုလ်ရဲ့ နောက်ထပ်ဥက္ကဋ္ဌအဖြစ် ထမ်းဆောင်ခွင့်ရတဲ့အတွက် ဂုဏ်ယူဝမ်းသာမိပါတယ်” ဟု အယ်လ်ရိုင်စီ၏ ပြောကြားချက်ကို အေပီသတင်းဌာနက ဖော်ပြသည်။
“အင်တာပိုလ်ဟာ သူ့ရဲ့မိတ်ဖက်အဖွဲ့အစည်းတွေအတွက် အခိုင်အမာရပ်တည်ပေးဖို့ မရှိမဖြစ် လိုအပ်တဲ့ အဖွဲ့ အစည်းဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းတွေ ပိုမိုလုံခြုံတဲ့ကမ္ဘာတစ်ခုဖြစ်အောင် လုပ်ဆောင်ဖို့အတွက် ပူးပေါင်း ဆောင်ရွက်တတ်တဲ့စိတ်ဓါတ်နဲ့ တာဝန်တွေထမ်းဆောင်ကြဖို့ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့ သည်။
အယ်လ်ရိုင်စီသည် နှိပ်စက်ညှင်းပန်းမှုများဖြင့် စွပ်စွဲခံထားရပြီး အင်တာပိုလ်ရုံးချုပ်ရှိရာ ပြင်သစ်နိုင်ငံအပါအဝင် နိုင်ငံပေါင်း ၅ နိုင်ငံတို့က ၎င်းအပေါ် ရာဇဝတ်မှုဆိုင်ရာ တိုင်ကြားထားကြသည်။ အဆိုပါရွေးကောက်ပွဲကို ယူ အေအီးနိုင်ငံက ဝမ်းမြောက်ဝမ်းသာကြိုဆိုခဲ့သော်လည်း တိုင်ကြားချက်တင်သွင်းထားသည့် ဗြိတိန်နိုင်ငံသား နှစ်ဦးထံမှ ဒေါသတကြီးဖြင့် တုံ့ ပြန်မှုများလည်း ထွက်ပေါ်လာခဲ့ကြောင်း အေပီသတင်းတွင် ဖော်ပြထားသည်။
Source: AP