CNI International News
ဘန်ကောက်၊ နိုဝင်ဘာ ၂၀
အမေရိကန်ဗဟိုထောက်လှမ်းရေးအေဂျင်စီ (CIA) လက်ထောက်ညွှန်ကြားရေးမှူး ဒေးဗစ်ကိုဟင်သည် နိုဝင်ဘာ ၁၉ ရက်က ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာနှင့် တံခါးပိတ်တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံလုံခြုံရေး အခြေအနေကို ဆွေးနွေးခဲ့ကြသည်ဟု ယုံကြည်ရကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြသည်။
အလားတူ အဆိုပါ တွေ့ဆုံ ဆွေးနွေးမှုတွင် ထိုင်းမှ မြန်မာသို့ ပေးအပ်လျက်ရှိသော လူသားချင်းစာနာမှု အကူအညီနှင့် တခြား သော အကြောင်းအရာများကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု ယုံကြည်ရကြောင်း ဘန်ကောက်ပို့စ်က ဆက်လက် ရေးသားဖော် ပြထားသည်။
ကြိုတင်ကြေညာခဲ့ခြင်းမရှိသည့် ထိုတွေ့ဆုံမှုတွင် ဗိုလ်ချုပ်ကြီး ပရာယွတ်သည် အစိုးရအိမ်တော်အတွင်း ဒေသစံတော်ချိန် နံနက် ၉ နာရီ မိနစ် ၃၀ ခန့်က မစ္စတာကိုဟင်နှင့် တွေ့ ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရင်းမြစ် တစ်ခုက ပြောသည်။အဆိုပါ တွေ့ဆုံမှုသို့ မီဒီယာများ တက်ရောက်သတင်းယူခွင့် တားဆီးထားသည်။
ပုံ- CIA လက်ထောက်ညွှန်ကြားရေးမှူး ဒေးဗစ်ကိုဟင်ကိုတွေ့ရစဉ်။(NYT)
ထိုင်းအစိုးရအိမ်တော် သတင်းရင်းမြစ်၏ အဆိုအရ ၎င်းတို့နှစ်ဦးသည် ဒေသတွင်း တည်ငြိမ်ရေး၊ မြန်မာနိုင်ငံ အခြေအနေနှင့် မြန်မာပြည်တွင်း ဒုက္ခရောက်နေသည့် အစိတ်အပိုင်းများသို့ အကူအညီပေးရေးတို့ အဓိကထား ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် စီးပွားရေး၊ လုံခြုံရေး၊ ထိုင်း-အမေရိကန် ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်များနှင့် လာမည့်နှစ် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းမှု (APEC) ဖိုရမ်တွင် ထိုင်းက ဥက္ကဋ္ဌတာဝန်ယူသည့်အခါ ပံ့ပိုးပေးရန် အမေရိကန် ကတိကဝတ်များကိုလည်း ထည့် သွင်း ဆွေးနွေးခဲ့ကြသည်။
“သူတို့ဆွေးနွေးမှုမှာ နိုင်ငံရေး၊ စီးပွားရေးနဲ့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးတို့ကို ယေဘုယျအားဖြင့် ဆွေးနွေးတာ မဟုတ် ဘဲ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေ (ဒါမှမဟုတ်) ပစိဖိတ် ဖြတ်ကျော် မိတ်ဖက်ဆက်ဆံရေး ဘက်စုံ သဘောတူညီချက် (CPTPP) ကိစ္စရပ်တွေလည်း ပါပါတယ်” ဟု ၎င်းသတင်းရင်းမြစ်က ဆက်လက် ပြောကြားသည်။
“ထိုင်းနိုင်ငံရေး အခြေအနေကို ဆွေးနွေးတဲ့အခါက ထိုင်းဘက်က ဒီကိစ္စကို နောက်ခံပြုတဲ့ ဒေသဆိုင်ရာ အခြေအနေတွေကို ပိုပြီး နားလည် သဘောပေါက်ပေးဖို့ အမေရိကန်ကို တောင်းဆိုခဲ့ပါတယ်”ဟု ထိုင်းအစိုးရအိမ်တော် သတင်းရင်းမြစ်က ရှင်းပြ သည်။
ပုံ- ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာကိုတွေ့ရစဉ်။
မစ္စတာကိုဟင်သည် ထိုင်းနိုင်ငံမှ ထွက်ခွာပြီးနောက် အခြား အာဆီယံ နှစ်နိုင်ငံထံသို့လည်း ခရီးဆက်ရန် စီစဉ်ထားကြောင်း သိရသည်။
ထိုင်းအမျိုးသားလုံခြုံရေးကောင်စီ၏ အထွေထွေအတွင်းရေးမှူး ဆူပေါ့မလန်နီယွမ်က မစ္စတာကိုဟင်နှင့် ပရာယွတ်တို့ တွေ့ဆုံမှုကို အတည်ပြု ပြောကြားခဲ့ပြီး အဓိက ဆွေးနွေးသည့် အချက်များသည် ထိုင်းနှင့် အခြား အာဆီယံအဖွဲ့ဝင် နိုင်ငံများ အကြား လုံခြုံရေးဆိုင်ရာ ဆက်ဆံရေး အားကောင်းစေခဲ့ကြောင်း မှတ်ချက်ချခဲ့သည်။
သတင်း အချက်အလက် မျှဝေခြင်း၊ အမေရိကန် CIA နှင့် ထိုင်းအစိုးရကြား ပူးပေါင်း ဆောင်ရွက်ခြင်းတို့ မြှင့်တင်ရန်အတွက် CIA တာဝန်ရှိသူ တစ်ဦးအနေဖြင့် ထိုင်းသို့ တစ်နှစ်လျှင်တစ်ကြိမ် ပုံမှန်လာရောက်လေ့ရှိကြောင်း ဆူပေါ့မလန်နီယွမ်က ပြော ကြားခဲ့သည်။
နိုဝင်ဘာ ၁၄ ရက် ၎င်း၏ မြန်မာခရီးစဉ်၌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမက်ဝီနိုင်းက နိုဝင်ဘာ ၁၈ ရက်က ထုတ်ဖော်ပြောကြားခဲ့သော်လည်း အသေးစိတ်ကိုမူ ထည့်သွင်း ပြောကြားခဲ့ခြင်း မရှိပေ။
Source: Bangkok Post