မင့်စ်၊နိုဝင်ဘာ ၂၀

ရွှေ့ပြောင်းဒုက္ခသည်များ ဥရောပသမဂ္ဂ(EU) နိုင်ငံများသို့ ဖြတ်ကျော်ရောက်ရှိနိုင်အောင် ၎င်းတပ်ဖွဲ့ဝင်များက ကူညီပေးခဲ့သည်မှာ “လုံးဝဖြစ်နိုင်သည်” ဟု ဘီလာရုစ်သမ္မတ အလက်ဇန္ဒားလူကာရှန်ကိုက ပြောကြား ခဲ့သော်လည်း ထို ဒုက္ခသည်များကို ၎င်းနိုင်ငံအတွင်းသို့ ဖိတ်ခေါ်ခဲ့ခြင်းမရှိကြောင်း ငြင်းဆိုသွားခဲ့သည်။

ဘီလာရုစ်နိုင်ငံအနေဖြင့် ပြည်ပမှ လူအများကို ခေါ်ဆောင်ကာ လွယ်ကူစွာနယ်စပ်ဖြတ်ကျော်နိုင်မည်ဟု ကတိပြုမှုများဖြင့် အကျပ်အတည်းတစ်ရပ်ကို ဖန်တီးနေကြောင်း EU အုပ်စုဝင်အစိုးရများက စွပ်စွဲထားသည်။ ထိုစွပ်စွဲချက်များကို ဘီလာရုစ်က ငြင်းဆိုခဲ့ပြီး ယင်းသို့ စွပ်စွဲမည့်အစား EU နိုင်ငံများအနေဖြင့် ၎င်းတို့ နယ်စပ် များကိုသာ ပိတ်ထားကြရန် တုံ့ပြန်ခဲ့သည်။

ဘီလာရုစ်နိုင်ငံသည် ဒုက္ခသည်များနှင့်ရွှေ့ပြောင်းနေထိုင်သူများကို ပိုလန်နိုင်ငံထဲသို့ ဖြတ်ကျော်ဝင်ရောက် နိုင်အောင် အကူအညီပေးနေသလားဟု မေးမြန်းရာတွင် လူကာရှန်ကိုက “ဒါဟာ လုံးဝဖြစ်နိုင်တယ်လို့ ထင်ပါတယ်။ ကျနော်တို့ဟာ ဆလပ်လူမျိုးတွေပါ။ ကျနော်တို့မှာ နှလုံးသားရှိပါတယ်။ ရွှေ့ပြောင်းအခြေချ လိုသူတွေ ဂျာမနီအထိ သွားကြမယ်ဆိုတာ ကျနော်တို့တပ်ဖွဲ့ဝင်တွေသိပါတယ်။ တစ်နည်းနည်းနဲ့ ကူညီခဲ့တာ ဖြစ်နိုင်ပါတယ်” ဟု ၎င်းက ဘီဘီစီသို့ ပြောကြားခဲ့သည်။

“ဒါပေမယ့် ကျနော်တို့က သူတို့ကို ဒီကိုလာကြဖို့ ဖိတ်ခေါ်ကမ်းလှမ်းခဲ့တာ မဟုတ်ဘူး” ဟု ၎င်းက ငြင်းဆိုခဲ့သည်။

Photo-credit 

EU နှင့် နေတိုးနိုင်ငံများ၏အရှေ့ဘက်နယ်စပ်တွင် ရွှေ့ပြောင်းအခြေချလိုသူများနှင့် ဒုက္ခသည်အုပ်စုနှစ်စုတို့သည် ဘီလာရုစ်မှတဆင့် ဖြတ်ကျော်ဝင်ရောက်ရန် ကြိုးပမ်းခဲ့ကြောင်း၊ ဘီလာရုစ်-ရုရှား အာဏာပိုင်များ၏ အထောက် အကူပေးထားသော ၎င်းတို့အုပ်စုထဲမှ လူ ၅၀၀ ခန့်တို့က ကျောက်ခဲများ၊ မျက်ရည်ယိုဗုံးများဖြင့် ပစ်ပေါက်ခဲ့ကြ ကြောင်း ပိုလန်နယ်ခြားစောင့်တပ်များက နိုဝင်ဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည်။ ထိုဖြစ်စဉ်၌ လူ ၄၅ ဦးကို ဖမ်းဆီးခဲ့ကြောင်း ပိုလန်တပ်များက ဆက်လက်ပြောကြားခဲ့သည်။

ပိုလန်နိုင်ငံသည် ၃ ကီလိုမီတာ(၂ မိုင်)ကျယ်ဝန်းသော အဆိုပါဇုန်အတွင်းသို့ သတင်းထောက်များ ဝင်ရောက်ခွင့် ပိတ်ပင်ထား၍ အယ်လ်ဂျာဇီးယားအနေဖြင့် အခြားမီဒီယာများကဲ့သို့ပင် ဘီလာရုစ်-ပိုလန်နယ်စပ်အခြေအနေနှင့် ပတ်သက်၍ သီးခြားအတည်ပြုနိုင်ခဲ့ခြင်းမရှိပါ။

 

မင့်ခ်အစိုးရအနေဖြင့် ထင်သာမြင်သာရှိသောပုံစံပြောင်းလဲမှုဖြင့် လတ်တလောရွှေ့ပြောင်းလာသူ အကျပ်အတည်း ကို မဖြေရှင်းနိုင်သေးကြောင်း ပိုလန်ကစွပ်စွဲထားသည်။ ဘီလာရုစ်သည် နိုဝင်ဘာ ၁၈ ရက်ကလည်း နယ်စပ်ရှိ အဓိကစခန်းများကို ရှင်းလင်းခဲ့ပြီး လပေါင်းအတန်ကြာပြီးနောက် အီရတ်နှင့် ပထမဆုံးလေယာဉ်ခရီးစဉ်ကို ပြန်လည်ခွင့်ပြုခဲ့သည်။

အဆိုပါ အကျပ်အတည်း စတင်ဖြစ်ပေါ်ခဲ့သည့် ယခုနှစ်အစောပိုင်းကတည်းက နယ်စပ်နှစ်ဘက်စလုံးတွင် ခိုလှုံခွင့် တောင်းခံသည့် ရွှေ့ပြောင်းအခြေချလိုသူနှင့် ဒုက္ခသည်အုပ်စုထဲမှ ၁၁ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့များက ပြောကြားထားခဲ့သည်။ သို့သော် အမှန်တကယ် သေဆုံးသူအရေအတွက် ပိုများမည်ဟု ယူဆရသော်လည်း ဆောင်းရာသီဝင်လာပြီဖြစ်၍ ၎င်းတို့ကျန်းမာရေးအပေါ် စိုးရိမ်မှုများ တိုးလာနေခဲ့သည်။

Source: Aljazeera