၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၀

ရှမ်းတပ်နှစ်တပ်၏ တိုက်ပွဲအတွင်း ဖမ်းဆီးရမိထားသည့် RCSS/SSA တပ်သားများကို SSPP/SSA မှ ပြန်လွှတ်ပေးသော်လည်း ထိုတပ်သားများမှာ လုံခြုံရေးအခြေအနေကြောင့် နေရပ်မပြန်သေးဘူးဟု SSPP မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းဖုန်းဟန်က CNI သို့ ပြောသည်။

ယခုလအတွင်းဖြစ်ပွားသည့် တိုက်ပွဲ၌ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)သည် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS)မှ တပ်သား ၁၃ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ထိုအထဲမှ တပ်သား ၂ ဉီးမှာ ဆေးကုသမှု ခံယူနေစဉ်အတွင်း သေဆုံးသွား ကြောင်း ၎င်းက ပြောသည်။

ဗိုလ်မှူး စိုင်းဖုန်းဟန်က “သူတို့ မိသားစုတွေ လာတွေ့နေတာပဲ ရှိသေးတယ်။ သူတို့က ခုအခြေအနေက နည်းနည်း မငြိမ်သေး တော့ သူတို့လည်း မပြန်ချင်သေးဘူး။ သူတို့ လုံခြုံရေးအရပေါ့လေ။ ၁၁ ယောက်ရှိတယ်။ အစုံတော့ မရောက်သေးဘူး၊ တချို့ တစ်ဝက်ပေါ့လေ။ နည်းနည်း တည်ငြိမ်မှ ပြန်မယ်လို့ သူတို့ ဆန္ဒရှိတယ်လေ”ဟု CNI သို့ ပြောသည်။

လက်ရှိအချိန်ထိ ရှမ်းပြည်နယ်အတွင်းရှိ ကျောက်မဲမြို့နယ်နှင့် မိုင်းကိုင်မြို့နယ်တို့တွင် RCSS နှင့် SSPP တို့ ထိတွေ့ တိုက်ပွဲများ အနည်းငယ်ရှိနေသေးကြောင်း ၎င်းက ပြောသည်။

RCSS မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းခမ်းစံက ဖမ်းဆီးခံထားရသည့် တပ်သားများမှ RCSS တပ်သား ဟုတ်/မဟုတ် အတည် ပြုရန် စောနေသေးကြောင်း၊ ယခုကဲ့သို့ ရှုတ်ထွေးနေသည့် အချိန်တွင် မှတ်ချက် မပေးလိုကြောင်း ပြောသည်။

ပုံ-RCSS တပ်ဖွဲ့ကိုတွေ့ရစဉ်။

ဗိုလ်မှူး စိုင်းခမ်းစံက “ရှေ့တန်းမှာ ကျ‌နော်တို့ ရင်ဆိုင်နေတယ်။ စစ်ရေး တင်းမာနေတယ်။ အတည်ပြုရဦးမှာ ခင်ဗျ။ အတည် ပြုဖို့ စောနေသေးတယ်။ သူ့ရဲ့ နာမည်တွေရယ်၊ သူ့ရဲ့ ကိုယ်ပိုင်နံပါတ်တွေရယ် အသေးစိတ်သိမှ အတည်ပြုလို့ရမှာရော၊ အခု က ရှုတ်ထွေးနေတဲ့ အချိန်ဆိုတော့ မှတ်ချက်ပေးဖို့ စောနေသေးတယ်ခင်ဗျ။ တစ်က ရဲဘော်ဖြစ်နိုင်တယ်။ နှစ်က ဒေသခံက ပြည်သူ ရဲဘော်မဟုတ်ဘဲ ပြည်သူလည်း ဖြစ်နိုင်တယ်။  နောက်တစ်ခုက ပြည်သူကို မှားဖမ်းထားတာလည်း ဖြစ်နိုင်တယ်။ သုံးမျိုးသုံးစား ဖြစ်နိုင်တာပေါ့နော်။ ကျနော်တို့ မှတ်ချက်ပေးဖို့ စောသေးတယ်ခင်ဗျ” ဟု CNI သို့ ပြောသည်။

အဆိုပါ တပ်သားများ ဖမ်းဆီးခံရသည့် ကိစ္စနှင့် ပတ်သက်၍ SSPP မှ RCSS ကို တရားဝင် ချိတ်ဆက်ပြောဆိုခြင်းမျိုး မရှိသေး ကြောင်း ဗိုလ်မှူး စိုင်းခမ်းစံက ပြောသည်။

RCSS နှင့် SSPP တို့ကြား တွေ့ဆုံဆွေးနွေးပြီး ပြဿနာများ ဖြေရှင်းနိုင်ရေး သံဃာ‌တော်များနှင့် ပြည်သူလူထုတို့ ကြိမ်ဖန်များ စွာ ကြားဝင်ဖျန်ဖြေ ကြိုးပမ်းပေးခဲ့သော်လည်း ယနေ့ထိ တစ်စုံတစ်ရာ သဘောတူညီမှု မရရှိသေးပေ။

ပုံ- SSPP  မှ ဗိုလ်မှူး စိုင်းဖုန်းဟန်ကို တွေ့ရစဉ်။

RCSS နှင့် SSPP တို့သည် တိုက်ပွဲများ ရပ်တန့်နိုင်ရေး တွေ့ဆုံဆွေးနွေးရေးနည်းလမ်းဖြင့် ဖြေရှင်းခြင်းမှာ အကောင်းဆုံးဟု ယူဆထားသော်လည်း လက်ရှိ တိုက်ပွဲများကြောင့် တွေ့ဆုံဆွေးနွေးရန် ခက်ခဲနေကြောင်း နှစ်ဖက်တာဝန်ခံများမှ ပြောသည်။

ဗိုလ်မှူး စိုင်းဖုန်းဟန်က “ကျနော်တို့ SSPP က ဂျီနီဗာကွန်ဗန်းရှင်း ပြဋ္ဌာန်းချက်အရ သုံပန်းရဲ့ ပေါ်လစီကို အပြည့်အဝ ကျင့် သုံး နေပါတယ်။ အဲကြောင့်မို့လို့ ဒါက သူတို့ ပြန်မယ် မပြန်ဘူးဆိုတာက သူတို့ရဲ့ သဘောထားအပေါ်မှာပဲ မူတည်တယ်လေ။ အဲကြောင့်မို့လို့ လောလောဆယ် အခြေအနေအရ သူတို့ ဆွေမျိုးတွေ လာပြီးတော့ ကြည့်တယ်။ လာပြီးတော့ စောင့်ရှောက် တယ်။ ဒီဟာကို ကျနော်တို့က တာဝန်ယူမှု၊ တာဝန်ခံမှု လိုက်နာကျင့်သုံးနေပါတယ်ဆိုတဲ့ဟာ ပြည်သူလူထုအနေနဲ့ ပြန်သူ လူထုရော၊ ပြီးတော့ RCSS တပ်ဖွဲ့ဝင်တွေရော သိစေချင်တာပေါ့လေ” ဟု CNI သို့ ပြောသည်။

RCSS သည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ထိုးထားသည့် ရှမ်းလက်နက်ကိုင်ဖြစ်ပြီး SSPP ကမူ NCA စာချုပ် ထိုးနိုင်ရေးဆွေးနွေးနေဆဲ ရှမ်းလက်နက်ကိုင်အဖွဲ့ ဖြစ်သည်။

RCSS နှင့် SSPP တို့သည် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလမှ စတင်ကာ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကျောက်မဲ၊ သီပေါ၊ လားရှိုး၊ မူဆယ်၊ နမ္မတူ၊ နောင်ချို စသည့် မြို့နယ်များအတွင်း နယ် မြေအငြင်းပွား၍ တိုက်ပွဲများ ယနေ့ချိန်ထိ မကြာခဏ ဖြစ်ပွား လျက်ရှိနေသည်။