ဟိဂ်၊ နိုဝင်ဘာ ၂၀
ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးလက်ထက် “မူးယစ်ဆေးဝါးစစ်ပွဲ” ဟု ခေါ်သည့် လူ့ အခွင့်အရေး ချိုး ဖောက်မှုများနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများကို နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) က ယာယီ ဆိုင်းငံ့လိုက်ကြောင်း အယ်လ်ဂျာဇီးယားသတင်းဌာနက နိုဝင်ဘာ ၁၉ ရက်က ရေးသားဖော်ပြသည်။
ပြီးခဲ့သည့်စက်တင်ဘာလ နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့အခြေစိုက်တရားရုံးက ဖိလစ်ပိုင် မူးယစ်ဆေးဝါး ဖြိုခွင်းမှုကို တရားဝင်စုံစမ်းစစ်ဆေးစေရန် မီးစိမ်းပြခဲ့ရာ ယင်းဖြိုခွင်းမှုအတွင်း သေဆုံးသူများ၏ မိသားစုများနှင့် လူ့အခွင့်အရေးအဖွဲ့များက ကြိုဆိုခဲ့ကြသည်။
ဖိလစ်ပိုင်အာဏာပိုင်များသည် ကလေးပေါင်းဆယ်ဂဏန်းအပါအဝင် အပြစ်မဲ့ပြည်သူများကို သတ်ဖြတ် ကွပ်မျက် ခဲ့ခြင်း လုပ်ဆောင်ခဲ့ကြောင်း တက်ကြွလှုပ်ရှားသူများက စွပ်စွဲထားကြသည်။ ထိုစွပ်စွဲချက်များကို ဖိလစ်ပိုင် ရဲက ငြင်းဆိုထားပြီး သံသယရှိသူများကို ဖမ်းဆီးရာ၌ ရှောင်လွှဲရန်ကြိုးစားကြ၍သာ ဖြစ်ပွားခဲ့ရသည်ဟု တုံ့ပြန်ခဲ့သည်။
နိုဝင်ဘာ ၁၉ ရက်က ထုတ်ပြန်ခဲ့သော စာရွက်စာတမ်းများအရ ဖိလစ်ပိုင်အစိုးရသည် နယ်သာလန်နိုင်ငံရှိ ၎င်း၏ သံအမတ်မှတစ်ဆင့် ယခုစုံစမ်းစစ်ဆေးမည့်ကိစ္စကို ဆိုင်းငံ့ပေးရန် နိုဝင်ဘာ ၁၀ ရက်၌ တောင်းဆိုခဲ့ကြောင်း ICC အစိုးရရှေ့နေ ကာရမ်ခန်းက ရေးသားထားသည်ဟု သိရသည်။
“ဆိုင်းငံ့ပေးဖို့ တောင်းဆိုချက်ရဲ့အတိုင်းအတာနဲ့ အကျိုးသက်ရောက်မှုကို အကဲဖြတ်နေတုန်းမှာ တရားစွဲဆို ထားတဲ့အပေါ် စုံစမ်းစစ်ဆေးရေးလုပ်ငန်းများ ယာယီဆိုင်းငံ့ထားလိုက်ပါတယ်” ဟု ကာရမ်ခန်းက ပြောကြား ခဲ့သည်။
“တရားစွဲဆိုဖို့ လာမယ့်ရက်တွေအတွင်းမှာ စည်းကမ်းချက် ၅၃ အရ လုပ်ထုံးလုပ်နည်းနဲ့ အထောက်အထားဆိုင်ရာ ကို ဖိလစ်ပိုင်နိုင်ငံဆီကနေ နောက်ထပ်အချက်အလက်တွေ တောင်းဆိုသွားမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောကြား ခဲ့သည်။
ဖိလစ်ပိုင်အစိုးရက နယ်သာလန်သို့ ပေးပို့သည့်စာထဲတွင် သံအမတ်ကြီး အဂျူရာဒိုမာလာယာက ICC ကို ရွှေ့ဆိုင်း ပေးရန် တောင်းဆိုထားသည်။
သံအမတ်ကြီး မာလာယာသည် ၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း မူးယစ်ဆေးဝါးစီးနင်းဖမ်းဆီးမှု ၅၂ မှုကို ပြည်တွင်း၌ ပြန်လည်သုံးသပ်ခြင်းအား ကိုးကားပြီး ၎င်းပေးပို့သောစာထဲတွင် ရေးသားထားသည်။
ပြီးခဲ့သည့်နှစ်က ကုလသမဂ္ဂ၏အစီရင်ခံစာတစ်စောင်ထဲတွင် ဖိလစ်ပိုင်မူးယစ်စစ်ဆင်ရေးအတွင်း လူထောင်နှင့် ချီ၍ သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။
Source: Aljazeera