CNI News
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၉
ဆက်သွယ်ရေးကုမ္ပဏီ Mytel မှ GM ဦးသိန်းအောင်အား လုပ်ကြံသတ်ဖြတ်သူူများကို ဖမ်းဆီးရမိကြောင်း ယနေ့ (နိုဝင်ဘာ ၁၉ ရက်)တွင် နစက-က ထုတ်ပြန်ခဲ့သည်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၄ ရက်နေ့ နံနက်ပိုင်းက မရမ်းကုန်းမြို့နယ်၊ (၇)ရပ်ကွက်၊ တေးနုယဉ်လမ်းနေ Mytel မှ GM ဖြစ်သူ ဦးသိန်းအောင်သည် ဇနီးနှင့်အတူ အိမ်ရာဝင်းအတွင်း လမ်းလျှောက်နေစဉ် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံခဲ့ရပြီး ဇနီးဖြစ် သူမှာ ဒဏ်ရာရရှိ၍ ရန်ကုန်ဆေးရုံးကြီးမှာ ဆေးကုသမှု ခံယူခဲ့ရသည်။
ထို့နောက် ကျူးလွန်သူများအား ဖမ်းဆီးရမိရေး ဆောင်ရွက်ရာ စစ်ဇော်ကံ(ခ)ဟန်သာထွန်း၊ ဗညားစိုးထက်(ခ)လီယို၊ စိုင်းစည်သူ၊ ဖြိုးအိကျော်တို့ကို ဖမ်းဆီးရမိခဲ့သည်ဟု နစက၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
အဆိုပါ ဖမ်းဆီးရမိသူများထဲမှ စစ်ဇော်ကံ(ခ) ဟန်သာထွန်းသည် ရန်ကုန်တော်လှန်ရေးအင်အားစု(Yangon Revolution Force-YRF)တွင် ဒုတိယခေါင်းဆောင်အဖြစ်လည်းကောင်း၊ ဗညာမိုးထက်(ခ)လီယိုမှာ တတိယခေါင်းဆောင် အဖြစ် လည်းကောင်း၊ ဖြိုးအိကျော်မှာ ဘဏ္ဍာရေးမှူးအဖြစ်လည်းကောင်း အသီးသီး တာဝန်ယူထားကြကြောင်း နစက၏ ထုတ် ပြန်ချက်မှာ ဖော်ပြထားသည်။
ပုံ-Mytel မှ GM ဉီးသိန်းအောင် (လုပ်ကြံသတ်ဖြတ်ခံရသူ)ကိုတွေ့ရစဉ်
စစ်ဇော်ကံ(ခ)ဟန်သာထွန်းသည် ဧပြီလအတွင်း KNLA တပ်မဟာ(၆) နယ်မြေတွင် သင်တန်းတက်ရောက်ခဲ့သူဖြစ်ပြီး YRF ကို ဥက္ကာဆိုသူက ခေါင်းဆောင်ကြောင်း ဆိုသည်။
YRF အဖွဲ့အား Jame(YUG အဖွဲ့)မှ အဓိက စေခိုင်းနေခြင်းဖြစ်ပြီး လက်အောက်တွင် အဖွဲ့ပေါင်း ၁၂ ဖွဲ့ရှိကြောင်း၊ Jame (YUG အဖွဲ့)သည် NUG၊ CRPH တို့နှင့်ချိတ်ဆက်၍ ဆောင်ရွက်လျက်ရှိကြောင်း နစက-က ဆိုသည်။
သေနတ်ဖြင့် ပစ်သတ်ခံရသူ ဦးသိန်းအောင်သည် စစ်တက္ကသိုလ်(DSA)အပတ်စဉ် ၂၈ ဆင်းဖြစ်ပြီး ရေတပ်တွင် ဗိုလ်မှူး အဆင့်ထိ တာဝန်ထမ်းဆောင်ကာ အငြိမ်းစားယူခဲ့သည်။ ထို့နောက် Mytel ဆက်သွယ်ရေးကုမ္ပဏီတွင် GM ရာထူးဖြင့် လုပ်ကိုင်နေသူဖြစ်ကြောင်း သိရသည်။