သီရိနာဂါ၊ နိုဝင်ဘာ ၁၉
အိန္ဒိယထိန်းချုပ်ထားသော ကက်ရှ်မီးယားဘက်ခြမ်းရှိ အာဏာပိုင်များသည် လူလေးဦး သေဆုံးခဲ့သည့် ရဲတပ်ဖွဲ့၏ စီးနင်း တိုက်ခိုက်မှုကို စုံစမ်းစစ်ဆေးရန် အမိန့်ပေးခဲ့စဉ် နိုဝင်ဘာ ၁၈ ရက်နှောင်းပိုင်း၌ ရုပ်အလောင်း နှစ်လောင်းကို တူးဖော်တွေ့ရှိ ခဲ့ရကြောင်း အေပီသတင်းတစ်ပုဒ်တွင် တွေ့ရသည်။
ထို့နောက် အလောင်းများကို သက်ဆိုင်ရာ မိသားစု များထံသို့ ပြန်လည်ပေးအပ်ခဲ့ကြောင်း အေပီသတင်းက ဆက်လက် ဖော်ပြထားသည်။
အိန္ဒိယ၏ ကက်ရှ်မီးယားဒေသရှိ အဓိကမြို့ဖြစ်သော သီရိနာဂါ၌ နိုဝင်ဘာ ၁၅ ရက်တွင် အစိုးရတပ်ဖွဲ့မှ သံသယရှိသည့် သူပုန်များကို နှိမ်နင်းတိုက်ခိုက်စဉ်အတွင်း အရပ်သားနှစ်ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က အစောပိုင်းမှာ ပြောကြားခဲ့သည်။
ပုံ-ရဲတပ်ဖွဲ့နဲ့ ကက်ရှ်မီးယားဒေသခံများ အငြင်းပွားနေစဉ်။(AP)
သေဆုံးခဲ့သည့် အရပ်သားများ၏ မိသားစုများ အပါအဝင် မျက်မြင်သက်သေများနှင့် သူပုန်ဟု သံသယ အဝင်ခံရသူ တစ်ဦးတို့ က ရဲတပ်ဖွဲ့၏ လုပ်ရပ်ကို ကန့်ကွက်ခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားရာ၌ လူသားဒိုင်းအဖြစ် အသုံးပြုပြီး အိန္ဒိယရဲများက တမင် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း စွပ်စွဲထားသည်။
အဆိုပါ သူပုန်များထဲတွင် ပါကစ္စတန်နိုင်ငံသားတစ်ဦး ပါဝင်သော်လည်း အထောက်အထား မပြနိုင်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ ထို့နောက် အိန္ဒိယအာဏာပိုင်များက သေဆုံးသူအားလုံးကို မြို့၏ အနောက်မြောက်ဘက် ဝေးလံခေါင်သီသော ကျေးရွာတစ်ရွာတွင် လျှို့ဝှက်မြှုပ်နှံ၍ အစဖျောက်ခဲ့သည်။
ထိုဖြစ်စဉ်အပေါ် ဒေသခံများက ဒေါသထွက်ခဲ့ကြပြီး ကုန်သည်ဖြစ်သူ မိုဟာမက်အယ်တက်ဖ်ဘက်၊ သွားဆရာဝန်နှင့် အိမ်ခြံ မြေ အရောင်းအဝယ်သမား မူဒက်စီရာအာမက်တို့၏ ရုပ်အလောင်းများကို နိုဝင်ဘာ ၁၈ ရက်နှောင်းပိုင်း၌ အာဏာပိုင်များနှင့် ဆရာဝန်အဖွဲ့တစ်ဖွဲ့က သွားရောက်စစ်ဆေး၍ တူးဖော်ခဲ့ကြသည်။
ပုံ-မိသားစု၀င်များ စိတ်ပျက်နေစဉ်။(AP)
၎င်းတို့ ဈာပနအခမ်းအနားများသည် အိန္ဒိယအစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲအသွင်သို့ ကူးပြောင်းသွားမည့်အရေး စိုးရိမ်၍ သေဆုံးသူတို့၏ ရုပ်အလောင်းများကို ဆွေမျိုးနီးစပ်သူများ၊ အိမ်နီးနားချင်းများဖြင့်သာ ပို့ဆောင်သင်္ဂြိုဟ်ရန် ကာယကံရှင် မိသားစုများထံ အာဏာပိုင်များက တောင်းဆိုမှုရှိခဲ့ကြောင်း မိသားစုဝင်များက ပြောသည်။
နိုဝင်ဘာ ၁၇ ရက် နှောင်းပိုင်းတွင် သီရိနာဂါမြို့၌ သေဆုံးသူ အရပ်သားများ၏ ဆွေမျိုးသားချင်း ဆယ်ဂဏန်းခန့်ကို အိန္ဒိယ ရဲက တစ်ရက်တာ ဖမ်းဆီးထား၍ ပြန်လွှတ်ပေးပြီးနောက် ယခုကဲ့သို့ အလောင်း ပြန်ဖော်သည့်ကိစ္စ ဖြစ်ပေါ်လာခဲ့သည်။ ကာယကရှင်မိသားစုများက မိမိတို့လိုလားသည့် သုသာန်တွင်သာ သင်္ဂြိုဟ်နိုင်ရန်အတွက် အလောင်းပြန်ပေးရေးကို အာဏာ ပိုင်များထံ တောင်းဆိုခဲ့ကြသည်။
အဆိုပါ ဒေသတွင်းရှိ နယူးဒေလီ ဗဟိုအစိုးရမှ စေလွှတ်ထားသော ထိပ်တန်းအုပ်ချုပ်ရေးမှူး မန်နွတ်ဆင်းဂါးက “အဆိုပါ အရပ်သား သတ်ဖြတ်ခံရမှုအပေါ် စုံစမ်းစစ်ဆေးမှုကို အကြီးတန်း အရပ်သား အရာရှိတစ်ဦးက ဦးဆောင်သွားမည်ဖြစ်ပြီး ၎င်းထံမှ အစီရင်ခံစာ တင်သွင်းပြီးပါက အစိုးရက သင့်လျော်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။
Source: AP