၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၈
ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်အတွင်းက တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူများကို နိပွန်ဖောင်ဒေးရှင်းမှ အမေရိကန်ဒေါ်လာ ၁၀ သန်းကျော် ထောက်ပံ့ပေးမည်ဟု မစ္စတာ ဆာဆာကာဝါက ပြောသည်။
မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ဂျပန်နိုင်ငံအစိုးရ၏ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူး ကိုယ်စား လှယ် မစ္စတာဆာဆာကာဝါသည် နိုဝင်ဘာ ၁၈ ရက်က ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် သတင်းမီဒီယာများကို ပြောကြားခဲ့ခြင်း ဖြစ်သည်။
မစ္စတာ ဆာဆာကာဝါက “ရခိုင်ပြည်နယ်နဲ့ ပတ်သက်ပြီးတော့မှ IDP စခန်းကို ကျနော် လေ့လာတဲ့အချိန်မှာ အဟာရချို့တဲ့ တဲ့ ပုဂ္ဂိုလ်တွေ ရှိတယ်ဆိုတာ ကျနော်ကိုယ်တိုင် တွေ့မြင်ခဲ့ရတဲ့ အတွက်ကြောင့်မို့ ဒါနဲ့ ပတ်သက်လို့လည်း ကူညီလှူဒါန်းသွား လိုပါတယ်။ ဒါအပြင် ရခိုင် IDP တွေအတွက် အိမ်ဆောက်တာတွေကိုလည်း ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ် အတွင်းမှာ မူလတန်းကျောင်းတွင် သာမက အလယ်တန်းကျောင်းအဆင့်ရှိတဲ့ စာသင်ကျောင်းကိုလည်း ဆောက်လုပ်သွားဖို့ ရည်ရွယ်ထားပါတယ်။ ဒီလုပ်ငန်းတွေအားလုံးကို ကျနော်တို့အနေနဲ့ လျာထားတဲ့ ငွေဟာဆိုရင် အမေရိကန်ဒေါ်လာ ၈.၅ သန်း ကို လျာထားပါတယ်။ ကျနော်တို့ ဒီလိုငန်းတွေကို အစွန်းကုန် ကြိုးစားသွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
ရခိုင်ပြည်နယ်က တိုက်ပွဲရှောင်များ နေရပ်ပြန်နိုင်ရေးနှင့် ကလေးငယ်များ၏ပညာသင်ကြားနိုင်ရေးကိစ္စတို့ကို ရခိုင်အမျိုး သားပါတီ(ANP)နှင့် မစ္စတာဆာဆာကာဝါတို့ တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု ANP ပါတီမှ ဒေါ်ခင်စောဝေက CNI သို့ ပြော သည်။
ပုံ- မစ္စတာဆာဆာကာဝါကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့က အလိုတော်ပြည့်လူမှုကယ်ဆယ်ရေးစခန်းမှာ တိုက်ပွဲရှောင်များနှင့် တွေ့ဆုံနေသည်ကိုတွေ့ရစဉ်။
၎င်းက “သူက အဓိက စစ်ဘေးရှောင်တွေ နေရပ်ပြန်နိုင်ရေးနဲ့ ပညာရေး ကလေးတွေကိုပေါ့၊ စစ်ဘေးရှောင်မှာ တွေ့တဲ့အခါ ကလေးတွေ ပညာမသင်ရတာ သူတော်တော်လေး စိတ်မကောင်းဖြစ်တယ်။ အဲဒီအတွက်ကြောင့် ဒီနှစ်ချက်က သူအဓိက လုပ်ပေးမယ်လို့ ပြောပါတယ်။ အန်တီတို့ အနေနဲ့လည်း ဒါကို ကြိုဆိုတယ်။ ဘာလို့လဲဆိုတော့ စစ်ရှောင်တွေက ကိုယ့်ရွာကို ပြန်သွားရင်လည်း နှစ်နှစ်ကျော်ရှိနေပြီ။ နှစ်နှစ်ကျော်ထဲမှာ နေအိမ်တွေ ပျက်စီးနေတာရှိတယ်။ သူတို့ လုပ်စားဖို့အတွက် အခက်အခဲတွေ အများကြီး ရှိပါတယ်”ဟု CNI သို့ ပြောသည်။
ထို့အပြင် မစ္စတာ ဆာဆာကာဝါသည် ကချင်ပြည်နယ်၊ လိုင်ဇာမြို့ရှိ တိုက်ပွဲရှောင်များ နေရပ်ပြန်နိုင်ရေးနှင့် နေအိမ်များ ဆောက်လုပ်နိုင်ရေးကိုလည်း ကူညီသွားမည်ဟု ပြောသည်။
၎င်းက “ပြီးခဲ့တဲ့နှစ်က ကျနော်ဟာ ကချင်ပြည်နယ် မြစ်ကြီးနာကနေတဆင့် လိုင်ဇာကို ကျနော် သွားရောက်ခဲ့ပါတယ်။ မြစ်ကြီးနာ ကနေတဆင့် လိုင်ဇာကို သွားရောက်ခဲ့တာဆိုရင် နိုင်ငံခြားသားအနေနဲ့ ကျနော် ပထမဆုံးဖြစ်မယ်လို့ ထင်ပါ တယ်။ လိုင်ဇာသွားရောက် လေ့လာတဲ့အချိန် ကျနော်ဟာ IDP စခန်းကို သွားရောက် လေ့လာခဲ့ပါတယ်။ ကျနော့်အနေနဲ့ ဒီကချင်ဒေသကို ကူညီလက်စ ဖြစ်ပါတယ်။ ရှေ့ဆက်ပြီးမှလည်း ကချင်ဒေသရဲ့ IDP နဲ့ IDP ရဲ့ မူလနေရာ ပြန်နိုင်ဖို့ အိမ် ဆောက်လုပ်တာ အပါအဝင် အမေရိကန်ဒေါ်လာ စုစုပေါင်း ၂. ၆ သန်းကို လှူဒါန်းသွားမယ်လို့ လျာထားပါတယ်” ဟု ပြောသည်။
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌ ဒေါက်တာ ခလမ်ဆမ်ဆွန်က မစ္စတာ ဆာဆာကာဝါ၏ လူသားချင်း စာနာ ထောက်ထားမှုကို ကြိုဆိုကြောင်း CNI သို့ ပြောသည်။
ဒေါက်တာ ခလမ်ဆမ်ဆွန်က “ကျနော်တို့ မနေ့က သတင်းတော့ကြားတယ်။ ရခိုင်ရော၊ ရှမ်းရော အားလုံးပေါ့နော်။ တစ်ပြည် လုံး ဒုက္ခရောက်နေတဲ့ လူတွေကို ပံ့ပိုးသွားမယ်ဆိုတာတော့ ပြောကြားသွားတာပေါ့။ ဒါပေမယ့် လက်ရှိ လုပ်နေတဲ့ အစိုးရနဲ့ လုပ်ဆောင်သွားမယ်လို့ ထင်တာပဲ။ ဆိုတော့ ဒီအပေါ်မှာတော့ ကျနော့်အနေနဲ့ သူ့ရဲ့ မေတ္တာ၊ လူသားချင်း စာနာထောက် ထားတဲ့ ပံ့ပိုးမှုကို ကြိုဆိုပါတယ်။ ဒါကတော့ ဘာမှ ပြောစရာမရှိပါဘူး။ ဒုက္ခရောက်နေတဲ့လူတွေ အားလုံး ကျေနပ်လိမ့်မယ် လို့ ထင်ပါတယ်”ဟု CNI သို့ ပြောသည်။
မစ္စဆာ ဆာဆာကာဝါသည် ယခင်ကလည်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဒေသ အပါအဝင် တိုင်းရင်းသားဒေသများ မှာ လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးအပ်လျက်ရှိသည်။
မစ္စတာ ဆာဆာကာဝါသည် နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌဖြစ်ပြီး ရန်ကုန်မြို့တွင် အခြေစိုက်ထားသည့် နိပွန်ဖောင်ဒေးရှင်းသည် ရခိုင်ပြည်နယ်၌ ကျောင်းပေါင်း (၁၀၀)ကျော် ဆောက် လုပ်ပေးထားသည်ဟု သိရသည်။
မစ္စတာ ဆာဆာကာဝါသည် မြန်မာနိုင်ငံသို့ နိုဝင်ဘာ ၁၂ ရက်မှ ယနေ့ (နိုဝင်ဘာ ၁၉ ရက်)ထိ ရောက်ရှိနေပြီး နိုင်ငံရေးပါတီ များ၊ နစက ခေါင်းဆောင်များ၊ ငြိမ်းချမ်းရေးဖော်ဆောင်နေသူများတို့ဖြင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားမှု အကူအညီအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေး အကြိမ်ရေ ၁ သန်းနှင့် စုစု ပေါင်း အမေရိကန်ဒေါ်လာ ၁၇ သန်းလှူဒါန်းမည်ဟု ပြောသည်။