ကမ်ပလာ၊နိုဝင်ဘာ ၁၉
ယူဂန်ဒါနိုင်ငံတွင် လူလေးဦးသေဆုံးခဲ့ရသည့် အသေခံဗုံးခွဲတိုက်ခိုက်မှုဖြစ်စဉ်နှစ်ရပ်အပေါ် အစ္စလာမ္မစ် နိုင်ငံတော်(IS)အုပ်စု၏လက်ချက်ဟုယူဆ၍ စုံစမ်းစစ်ဆေးခြင်းတစိတ်တပိုင်းအဖြစ် သံသယရှိသူ ၅ ဦးကို ပစ်သတ်ခဲ့ပြီး အခြား ၂၁ ဦးကို နိုဝင်ဘာ ၁၈ ရက်က ဖမ်းဆီးလိုက်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်ဟု အေအက်ဖ်ပီသတင်းကို ကိုးကားလျက် ဘန်ကောက်ပို့စ်က ရေးသားဖော်ပြသည်။
နိုဝင်ဘာ ၁၆ ရက်က အသေခံဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားခဲ့၍ အရှေ့အာဖရိကရှိ ယူဂန်ဒါနိုင်ငံ၌ လုံခြုံရေး အထူး တင်းကြပ်ထားပြီး ပေါက်ကွဲမှုများနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း၊ တိုက်ခိုက်မှုမှာ နှစ်ကြိမ် ဆက် တိုက်ဖြစ်ကြောင်း၊ သမ္မတ ယောဝါရီမူစီဗန်နီက အကြမ်းဖက်သမားများကို နှိမ်နင်းမည်ဟု ကတိပြုကြောင်း အေအက်ဖ်ပီသတင်းတွင် ဆက်လက်ဖော်ပြထားသည်။
မြို့တော်ကမ်ပါလာတွင် အဆိုပါအသေခံဗုံးခွဲမှုသည် မိနစ်ပိုင်းအတွင်း ဆက်တိုက်ဖြစ်ပွားခဲ့ရာ ပထမဖြစ်စဉ်၌ ဗုံးခွဲသူနှစ်ဦးသည် ဆိုင်ကယ်တက္ကစီမောင်းသူများအသွင်ယူ၍ လွှတ်တော်အဆောက်အဦအနီးကို ပစ်မှတ်ထားပြီး ဖောက်ခွဲခဲ့သည်။ တတိယမြောက်ဗုံးခွဲသူကတော့ ဗဟိုရဲစခန်းအနီးရှိ စစ်ဆေးရေးဂိတ်တစ်ခုကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်။
Photo-AFP
တိုက်ခိုက်မှုများသည် IS ကွန်ရက်နှင့် ဆက်စပ်နေပြီး ကွန်ဂိုနိုင်ငံအရှေ့ပိုင်း၌ ဒီမိုကရက်တစ်မဟာမိတ်တပ်(ADF) နှင့် ယူဂန်ဒါပြည်တွင်းအကြမ်းဖက်သမားများ၏လုပ်ဆောင်ချက်ဖြစ်ကြောင်း ယူဂန်ဒါရဲတပ်ဖွဲ့က ပြောသည်။
နိုဝင်ဘာ ၁၈ ရက်တွင် ယူဂန်ဒါနိုင်ငံအနောက်ဘက်ရှိ အကြမ်းဖက်မှုအပေါ် တန်ပြန်ရေးအရာရှိများသည် ကွန်ဂို နိုင်ငံဘက်သို့ ပြန်ကူးလာနေသည့် အကြမ်းဖက်သမားများဟု သံသယရှိသူ ၄ ဦးကို နတိုရိုကိုခရိုင်တွင် ပစ်သတ် ရှင်းလင်းခဲ့ကြောင်း ယူဂန်ဒါရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဖရက်အန်နာဂါက သတင်းစာရှင်းလင်းပွဲ၌ ပြောကြား ခဲ့သည်။
ရှိက်အေဘတ်မူဟာမက်ကီရီဗူသည် ကမ်ပါလာမြို့တော်ရှိ အကြမ်းဖက်ကလပ်စည်းများ ပြန်လည်နိုးကြား လာစေရန် လှုံ့ဆော်နေသည့် ဒေသခံအစ္စလာမ်ခေါင်းဆောင်တစ်ဦးဖြစ်ကြောင်း ဖရက်အန်နာဂါက ဆက်လက် ပြောကြားခဲ့ပြီး ပဉ္စမမြောက်သံသယရှိသူတစ်ဦးကိုလည်း ဖမ်းဆီးနိုင်ရေး ကြိုးပမ်းစဉ် ၎င်းက ထွက်ပြေးသဖြင့် ပစ်သတ်ခဲ့ရကြောင်း ရှင်းပြခဲ့သည်။
ကမ်ပါလာမြို့တွင် ပြီးခဲ့သည့်လက ဖြစ်ပွားခဲ့သည့် အသေခံဗုံးခွဲမှုနှစ်ခုအတွက် ကွန်ဂိုနိုင်ငံမှ ADF အဖွဲ့ကို ယူဂန်ဒါ က အပြစ်တင်ခဲ့ပြီး သံသယရှိသူ ၂၁ ဦးကို ဖမ်းဆီးထားကြောင်း ဖရက်အန်နာဂါက ထပ်လောင်းပြောကြားခဲ့သည်။
Source: AFP, Bangkok Post