၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၉
ဖခင် ကိုင်ဆောင်ခဲ့သော ဂျပန်ဓားကို ဒေါ်အောင်ဆန်းစုကြည်က ပြင်ဆင်ပေးရန် တောင်းဆိုခဲ့သည့် အတွက် ပြင်ဆင် ထားပြီးဖြစ်၍ ပြန်ပေးနိုင်ရန် မျှော်လင့်သည်ဟု ဂျပန်အထူးကိုယ်စားလှယ် မစ္စတာဆာဆာကာဝါက ပြောသည်။
ဂျပန်နိုင်ငံ၏ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာဆာဆာကာဝါသည် ရန်ကုန်မြို့ရှိ Melia Hotel မှာ နိုဝင်ဘာ ၁၈ ရက်က သတင်းစာ ရှင်းလင်းပွဲလုပ်စဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။
ပုံ-ဗိုလ်ချုပ်အောင်ဆန်း၏ ဂျပန်ဓားကို ပြန်လည်ပြုပြင်ရန် ပညာရှင်နှင့်ဆွေးနွေးနေစဉ်။
မစ္စတာ ဆာဆာကာဝါက “ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့အနေနဲ့ ရတနာတစ်ပါးလို့ကို အမြတ်တနိုး တန်ဖိုးထားတဲ့ ဂျပန် ဓားကို သူ ကျနော့်ကို ပေးပြီးတော့မှ သံချေးတက်နေတဲ့ အတွက်ကြောင့်မလို့ ပြင်ဆင်ပေးပါအုံးဆိုပြီး တောင်းဆိုလာတဲ့ အတွက်ကြောင့်မလို့ ကျနော် ဂျပန်ကိုယူလာပြီး ဓားပြန်သွေးတာတွေ၊ ပြန်ပြုပြင်တာတွေ လုပ်ပါတယ်။ ဒီဓားသွေးတာ ဆို ရင် ကျနော် အချိန် ၈ လတောင်မှ ယူပြီလုပ်ခဲ့တယ်။ အခု ဒီဓားလည်း ပြုပြင်ပြီးသွားပြီဖြစ်တဲ့ အတွက်ကြောင့်မလို့ အတက် နိုင်ဆုံး အမြန်ဆုံး ကျနော် ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်နိုင်မယ့် ရက်ကို မျှော်လင့်နေပါတယ်”ဟု ပြောသည်။
မစ္စတာ ဆာဆာကာဝါသည် မြန်မာနိုင်ငံသို့ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလက ရောက်ရှိလာခဲ့ပြီး ဒေါ်အောင်ဆန်းစု ကြည်နှင့် တွေ့ ဆုံခဲ့သည်။ ထို့နောက် ဒေါ်အောင်ဆန်းစုကြည်က ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်း ကိုင်ဆောင်ခဲ့ သည့် ဂျပန်ဓားအား ပြန် လည် ပြုပြင်ပေးရန် မစ္စတာဆာဆာကာဝါအား တောင်းဆိုခဲ့သည့်အတွက် အချိန် ၈ လ တာ ပြုပြင်ပြီးနောက် ပြန်လည် ပေးအပ်ရန် မျှော်လင့်နေခြင်းဖြစ်ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်က မစ္စတာဆာဆာကာဝါအား ပြန်လည် ပြုပြင်ပေးရန် တောင်းဆိုခဲ့ခြင်းကြောင့် မစ္စတာ ဆာဆာကာ ဝါသည် ဂျပန်နိုင်ငံသို့ ယူဆောင်သွားကာ အိုခယမခရိုင် ဆဲတိုအုချီမြို့ရှိ နာမည်ကျော် ဂျပန်လူမျိုး ဓားပြုပြင်ထိန်းသိမ်းရေး ပညာရှင် မစ္စတာယိုကိုယာမထံ အပ်နှံ၍ ပြုပြင်ခဲ့ခြင်းဖြစ်သည်ဟု ဂျပန်အိုခယမခရိုင်စံ ယို သတင်းစာက ၂၀၂၀ ခုနှစ်၊ အောက်တိုဘာ ၂၆ ရက်က ဖော်ပြခဲ့သည်။
လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်သည် ဖေဖော်ဝါရီ ၁ ရက်နေ့က မြန်မာနိုင်ငံတွင် တပ်မတော်မှ နိုင်ငံတော် အာဏာကို ရယူလိုက်ခြင်းနှင့်အတူ ဖမ်းဆီး ထိန်းသိမ်းခံထားရသည့် အတွက် နိုင်ငံတကာ သံတမန်များဖြင့် တွေ့ဆုံခွင့်မရဘဲ ဖြစ်နေ သည်။
အဆိုပါ ဂျပန်ဓားသည် အရှည် ၆၉.၁ စင်တီမီတာရှိပြီး ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၁ ခုနှစ်က ဂျပန်တပ်မဟာ ၁၅ မှ မြန်မာ နိုင်ငံကို အုပ်ချုပ်ရန် တပ်မှူးအဖြစ် ခန့်အပ်ခံရသော ဗိုလ်ချုပ်ကြီး Shojiro Iida အား Asahi Shimbun ဥက္ကဋ္ဌက ဂုဏ်ပြုပေးခဲ့ ခြင်း ဖြစ်သည်။
ထို့နောက် ဗိုလ်ချုပ်ကြီး Shojiro Iida က ဗိုလ်ချုပ်အောင်ဆန်းအား ဂုဏ်ပြုသည့်အနေဖြင့် ထပ်ဆင့် ပေးအပ်ခဲ့ ခြင်းဖြစ်သည်။