CNI News
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၈
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အမတ်ဟောင်း ဦးဖြိုးဇေယျာသော်ကို ယနေ့ (နိုဝင်ဘာ ၁၈ ရက်) ညနေပိုင်းက ဖမ်းဆီးခံလိုက်ရကြောင်း သိရသည်။
ဉီးဖြိုးဇေယျာသော်သည် ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရတနာနှင်းဆီအိမ်ယာတွင် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်း NUG နှင့် နစကတို့ဖြင့် နီးစပ်သူများထံမှ ကြားသိရသည်။
ဦးဖြိုးဇေယျာသော် ဖမ်းဆီးခံရခြင်းနှင့်ပတ်သက်ပြီး နစကဘက်ကတော့ တစ်စုံတစ်ရာ ထုတ်ပြန် ကြေညာခြင်း မရှိသေးပေ။
နစက၏ လုံခြုံရေးတပ်ဖွဲ့၀င်များသည် ယနေ့ ညနေပိုင်းက ရတနာနှင်းဆီအိမ်ယာသို့ သတင်းအရ သွားရောက် ရှာဖွေစစ်ဆေးစဉ် ဉီးဖြိုးဇေယျာသော်ကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။
ပုံ- ၂၀၂၁ ခုနှစ်၊ နို၀င်ဘာ ၁၈ ရက်က ရတနာနှင်းဆီအိမ်ယာကို လုံခြုံရေးတပ်ဖွဲ့၀င်များက ၀င်ရောက်ရှာဖွေနေစဉ်
ဦးဖြိုးဇေယျာသော်သည် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖောက်ကွဲရေးနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပစ်ခတ် သတ်ဖြတ်ခံရမှုများကို နောက်ကွယ်ကနေ စေခိုင်းသူဖြစ်သည်ဟု နစက-က ထုတ်ပြန်လေ့ရှိသလို ပုဒ်မ ၅၀၅ (က)ဖြင့်လည်း အမှုဖွင့်ခံထားရသည်။ဉီးဖြိုးဇေယျာသော်သည် NLD ပါတီကနေ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ကာ လွှတ်တော် အမတ်ဖြစ်လာခဲ့သည်။ ထို့နောက် ၂၀၁၅ ခုနှစ်တွင် ပြည်သူ့လွှတ်တော် အမတ်အဖြစ် NLD ကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာမှာလည်း အနိုင်ရရှိခဲ့သည်။