မနီလာ၊ နိုဝင်ဘာ ၁၈

အငြင်းပွားမှုများရှိနေသည့် တောင်တရုတ်ပင်လယ်ရှိ ဖိလစ်ပိုင်သီးသန့်စီးပွားရေးဇုန် EEZ အတွင်း ထောက်ပံ့ရေး သင်္ဘောနှစ်စင်းကို တရုတ်ကမ်းခြေစောင့်တပ်မှ စစ်သင်္ဘောသုံးစင်းက ပိတ်ဆို့ကာ မီးသတ်ရေပိုက်များဖြင့် တပ်လှန့်ပစ်ခတ်ခဲ့မှုများ ရှိခဲ့ကြောင်း ဖိလစ်ပိုင်အစိုးရက ပြောကြားခဲ့သည်။

အဆိုပါဖြစ်စဉ်သည် နိုဝင်ဘာ ၁၆ ရက်က အယုဂင်ရှောလ်ကျွန်းစု(ဒုတိယသောမတ်ကျွန်းစု)အနီး ဖြစ်ပွားခဲ့ပြီး ထိုနေရာရေပြင်အနီးတဝိုက်တပ်စွဲထားသော စစ်တပ်အရာရှိများထံ ရိက္ခာပုံမှန်ပို့နေကျ ဖိလစ်ပိုင်သင်္ဘောများ၏ တာဝန်ထမ်းဆောင်မှုကို ရပ်ဆိုင်းခဲ့ရကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး တီအိုဒိုရိုလောက်ဆင်က ပြောကြား ခဲ့သည်။ အဆိုပါဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

“တရုတ်ကမ်းခြေစောင့်သင်္ဘောတွေရဲ့လုပ်ရပ်ဟာ ဥပဒေမဲ့ဖြစ်ပါတယ်။ တရုတ်တွေ ဒီဒေသမှာ စိုးမိုးလို့မရဘူး။ သူတို့ကျောခိုင်းသွားစေရမယ်” ဟု ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန ၏ လူမှုကွန်ရက်မီဒီယာတွင် လွှင့်တင် ထားသော ဝန်ကြီး၏ထုတ်ပြန်ချက်ထဲ၌ ရေးသားထားသည်။

ပြီးခဲ့သည့် ၅ နှစ်က နိုင်ငံတကာတရားရုံးက စီရင်ဆုံးဖြတ်ခဲ့သော်လည်း ၎င်း၏ နယ်နိမိတ်သတ်မှတ်မှု “ကိုးဒက်ရှ်မျဉ်း”ကို အခြေခံလျက် တောင်တရုတ်ပင်လယ်တခွင်လုံးနီးပါးကို တရုတ်က တောင်းဆိုထားခဲ့သည်။ ဖိလစ်ပိုင်၊ မလေးရှား၊ ဗီယက်နမ်၊ ဘရူးနိုင်းနှင့် ထိုင်ဝမ်တို့ကလည်း အငြင်းပွားနေသောပင်လယ်ရေပြင်၌ ပါဝင်ပတ်သက်နေကြပြီး တရုတ်က ၎င်း၏ရေတပ်၊ ကမ်းခြေစောင့်တပ်နှင့် ငါးဖမ်းသင်္ဘောများကိုပါ ဖြန့်ကျက်လာခဲ့သည်။ ထို့ပြင် နိုင်ငံတကာတရားရုံး၏စီရင်ချက်ကိုလည်း ဘေဂျင်းက လျစ်လျူရှုထားခဲ့သည်။

ဝန်ကြီး‌လောက်ဆင်က “တရုတ်အနေဖြင့် ထိန်းသိမ်းလုပ်ဆောင်ရန် ပျက်ကွက်ခဲ့ကြောင်း” စွပ်စွဲခဲ့ပြီး ယခု ဖြစ်စဉ်အပေါ် မနီလာဘက်မှ မကျေနပ်ကြောင်း၊ ရှုတ်ချကန့်ကွက်ကြောင်းတို့ကို ဖိလစ်ပိုင်ဆိုင်ရာ တရုတ်သံ အမတ်ထံသို့ ပေးပို့ခဲ့ကြောင်း ပြောကြားခဲ့သည်။

တရုတ်နှင့် ပိုမိုနီးကပ်သောဆက်ဆံရေး ကြိုးပမ်းနေသည့် သမ္မတ ရိုဒရီဂိုဒူတာတေးသည် တောင်တရုတ်ပင်လယ် အရေးနှင့်ပတ်သက်၍ တင်းကြပ်သောစည်းမျဉ်းများနှင့်ပတ်သက်ပြီး အဝေဖန်ခံနေရသည်။ သို့သော် နိုဝင်ဘာ ၁၈ ရက်(ယနေ့)၌ နိုင်ငံခြားရေးဝန်ကြီးဌာန၏ အလျင်အမြန်တုံ့ပြန်မှုကို ဒူတာတေးက ထောက်ခံခဲ့သည်။

“ကျနော်တို့နယ်မြေအပေါ် အချုပ်အခြာအာဏာ၊ စီရင်ပိုင်ခွင့်အာဏာတို့အတွက် ကျနော်တို့ အခိုင်အမာ ဆက်လက်ရပ်တည်သွားမယ်” ဟု သမ္မတ၏ယာယီပြောခွင့်ရသူ ကာလိုနိုဂရာလက်စ်က ပြောကြားခဲ့သည်။

အယုဂင်ရှောလ်ကျွန်းစုသည် ဖိလစ်ပိုင်နိုင်ငံရှိ ကလာယန်ကျွန်းများဟု ထင်ရှားသည့်အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ၎င်းသည် ကမ်းရိုးတန်းအလျား ၃၇၀ ကီလိုမီတာ(ရေမိုင် ၂၀၀) ရှည်လျားပြီး ဖိလစ်ပိုင် EEZ ဇုန်အတွင်း တည်ရှိ သည်။

ယခုနှစ်အစောပိုင်းတွင် ဖိလစ်ပိုင်သည် ၎င်း၏ EEZ ဇုန်ရှိ ပါလာဝမ်ကျွန်း၏အနောက်ဘက် ကီလိုမီတာ ၃၂၀ (ရေမိုင် ၁၇၅ မိုင်) အကွာအဝေးရှိ ဝစ်ဆန်းရိဖ်နေရာတွင် တရုတ်ရေ ကြောင်းပြည်သူ့စစ်မှ သင်္ဘောပေါင်း ဆယ်ဂဏန်းမျှ ရှိနေခြင်းကိုလည်း ကန့်ကွက်ခဲ့ပြီးဖြစ်သည်။

သည့်မတိုင်မီ ၂၀၁၂ ခုနှစ်ကလည်း ဖိလစ်ပိုင်၊ လူဇွန်ကျွန်း၏အနောက်ဘက် ၂၂၉ ကီလိုမီတာ (ရေမိုင် ၁၂၄ မိုင်) အကွာရှိ စကာဘိုရောက်ရှောလ်ကျွန်းကိုလည်း တရုတ်က အတင်း အဓမ္မသိမ်းပိုက်သွားခဲ့သည်။

Source: Aljazeera