မက်ဒရစ် နိုဝင်ဘာ ၁၈

ကျူးဘားနိုင်ငံရေး အတိုက်အခံသမား၊ ပြဇာတ်ရေးဆရာနှင့် တက်ကြွလှုပ်ရှားသူ ယူနီယာဂါစီယာ (Yunior Garcia)သည် ဟားဗားနားမြို့တော်တွင် အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများ ဖြိုခွင်းခံရပြီးနောက် စပိန်နိုင်ငံသို့ လေကြောင်းဖြင့် ထွက်ပြေးခဲ့ ကြောင်း အယ်လ်ဂျာဇီးယားက ရေးသားဖော်ပြသည်။

၎င်းသည် ကျူးဘားမှ လွတ်မြောက်သွားပြီဟု သတင်းများပေါ်ထွက်လာခဲ့ကြောင်း အယ်လ်ဂျာဇီးယားက ဆက်လက် ရေးသား ဖော်ပြထားသည်။

ဂါစီယာနှင့် ဇနီးတို့သည် စပိန်နိုင်ငံ၊ မက်ဒရစ်မြို့ ၊ ဘာရာဂက်စ်လေဆိပ်ကို နိုဝင်ဘာ ၁၇ ရက်နေ့ မွန်းလွဲပိုင်းက ဆိုက်ရောက် လာကြောင်း စပိန်အစိုးရအရာရှိတစ်ဦးက ပြောကြားခဲ့သော်လည်း လက်ရှိတွင် ဂါစီယာ ဘယ်နေရာမှာရှိကြောင်း သေချာမသိ ကြပေ။

“သူဟာ ခရီးသွားဗီဇာကိုင်ပြီး ဇနီးသည်နဲ့အတူ ရောက်လာတဲ့အကြောင်း ကျနော်တို့ အတည်ပြုပါတယ်” ဟု စပိန်အစိုးရ သတင်း ရင်းမြစ်တစ်ခုက ပြင်သစ်သတင်းဌာန Agence France-Presse သို့ ပြောကြားခဲ့သည်။

အသက် ၃၉ နှစ်ရှိ ဂါစီယာသည် အာချီပယ်လာဂိုကိုဆိုသည့် အမည်ဖြင့် အတိုက်အခံအဖွဲ့ကို တည်ထောင်ခဲ့ပြီး ပြီးခဲ့သည့် ဇူလိုင်လက ကျူးဘားနိုင်ငံအား လှုပ်ခတ်သွားစေခဲ့သော ဆန္ဒပြပွဲများ၌ အဓိကကျသူဖြစ်သည်။

ပုံ-ကျူးဘား ဆန္ဒပြပွဲထိန်းနိုင်ဖို့လုံခြုံရေးချထားစဉ်။(AP)

အခြေခံကုန်စည်နှင့် လူထုလွတ်လပ်ခွင့်များ ပိတ်ပင်မှုတို့ကြောင့် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများ ကျူးဘာနိုင်ငံတွင် ဆယ်စုနှစ်များစွာအတွင်း အကြီးမားဆုံး ဖြစ်ပွားခဲ့သည်။ အဆိုပါ ဆန္ဒပြမှုများကို ကျူးဘားအစိုးရက ပြင်းထန်စွာ ဖြိုခွင်းခဲ့ပြီး လူပေါင်းရာနှင့်ချီ၍ ဖမ်းဆီးထားခဲ့သည်။

ယခုသီတင်းပတ်အတွင်း နိုဝင်ဘာ ၁၅ ရက်၌ ဆန္ဒပြရန် စီစဉ်နေသည့် အတိုက်အခံ ခေါင်းဆောင်များကို ထပ်မံ ဖမ်းဆီး ထိန်း သိမ်းခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ လမ်းများပေါ် တင်းကြပ်စွာ ချထားခြင်းကြောင့် ထိုဆန္ဒပြပွဲမှာ ပျက်ပြားသွားခဲ့သည်။

ဂါစီယာသည် ဆန္ဒပြလှုပ်ရှားမှု၌ အကြမ်းမဖက်မှု သဘောသဘာဝကို ပေါ်လွင်အောင် နှင်းဆီဖြူတစ်ပွင့်စီကို ကိုင်ဆောင် လျက် ဟာဗားနားမြို့လယ်ခေါင်သို့ ချီတက်ရန် ကြံရွယ်ခဲ့သည်။

ပုံ-ကျူးဘားပြည်သူများ ဆန္ဒပြနေကြစဉ်။

သို့သော် ဟာဗားနားမြို့ရှိ ဂါစီယာ၏ နေအိမ်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အစိုးရထောက်ခံသူများက ဝိုင်းရံထားပြီး ဆန္ဒပြပွဲ စီစဉ်ထားသည့်နေ့၌ ၎င်းနေထိုင်ရာရပ်ကွက်မှာ အလွန်တိတ်ဆိတ်နေခဲ့သည်။

လူမှုကွန်ရက်မီဒီယာများရှိ ကျူးဘားအရေး တက်ကြွလှုပ်ရှားသူများကတော့ နိုဝင်ဘာ ၁၆ ရက်ကတည်းက ဂါစီယာထံမှ သတင်းစကား မကြားရတော့ကြောင်း ပြောကြားခဲ့ကြသည်။

မကြာသေးမီ ရက်သတ္တပတ်များက ၎င်းကြုံတွေ့ခဲ့ရသော ရက်စက်ကြမ်းကြုတ်သည့် ရဲများ၏ ဖိအားပေးမှုကြောင့် ကျူးဘား မှ စွန့်ခွာ ထွက်ပြေးခဲ့ရကြောင်း ဂါစီယာနှင့်နီးစပ်သော သတင်းရင်းမြစ်များကို ကိုကားလျက် စပိန်သတင်းစာ EI Pais က ရေး သား ဖော်ပြသည်။

“သူတို့က ကျနော့်ကို အဲဒီမှာ မနေနိုင်အောင် တားဆီးဖို့ တတ်နိုင်သမျှ လုပ်တော့မယ်ဆိုတာ ကျနော်သိပါတယ်။ တကယ် လည်း ဟုတ်ပါတယ်။ သူတို့က ကျနော့်ကို ဖမ်းဖို့ ကြိုးစားတော့မယ်။ ကျနော့်အိမ် အပြင်ဘက်မှာ ကင်းထောက်တွေ ချထား လိမ့်မယ်” ဟု ဂါစီယာက ပြီးခဲ့သည့်လ ကျူးဘား၌ အေအက်ဖ်ပီ သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားခဲ့သည်။

အဆိုပါ လုပ်ရပ်များကို ကျူးဘားအစိုးရ၏ ခြိမ်းခြောက်သည့် နည်းဗျူဟာဟု နိုဝင်ဘာ ၁၅ ရက်၌ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီဘလင်ကင်က စွပ်စွဲလိုက်ပြီး ပြစ်တင်ရှုတ်ချခဲ့သည်။

Source: Aljazeera