နီယာမေ၊ နိုဝင်ဘာ ၅

အစ္စလာမ္မစ်သူပုန်ဟု သံသယရှိသူများ၏ သေနတ်ဖြင့် တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၆၉ ဦး သေဆုံးခဲ့သဖြင့် နိုင်ဂျာနိုင်ငံတွင် တနိုင်ငံလုံးဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် အခင်းဖြစ်ပွားပြီး နှစ်ရက်အကြာ နိုဝင်ဘာ ၅ ရက် (ယနေ့)တွင် ကြေညာလိုက်ကြောင်း ဘီဘီစီ အင်္ဂလိပ်ပိုင်းဝက်ဘ်ဆိုက် သတင်းဖော်ပြချက်အရ သိရသည်။

အဆိုပါ တိုက်ခိုက်မှုသည် နိုင်ဂျာနိုင်ငံ၏အနောက်တောင်ဘက်ဒေသ၊ မာလီနယ်စပ်အနီးတွင် ဖြစ်ပွားခဲ့သည်။

သေဆုံးသူများအနက် ဒေသခံမြို့တော်ဝန်တစ်ဦးနှင့် ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးတို့ ပါဝင်ကြောင်း အစိုးရက သတင်းထုတ်ပြန်သည်။ အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေကယ် ဆယ်ရေး လုပ်ဆောင်နေဆဲဖြစ်သည်။

နိုဝင်ဘာ ၂ ရက်က အဆိုပါသွေးထွက်သံယိုမှုဖြစ်စဉ်နှင့်ပတ်သက်၍ မည်သည့်အဖွဲ့ကမှ ၎င်းတို့လက်ချက်ဟု ထုတ်ဖော် ပြောကြားခြင်းမရှိသေးပေ။ အကြမ်းဖက်ပစ်ခတ်မှု ကျူးလွန်သူများသည် နယ်စပ်ဖြတ်ကျော်၍ မာလီ နိုင်ငံဘက်သို့ ထွက်ပြေးသွားပြီး ၎င်းတို့လည်း သေဆုံးသွားပြီဖြစ်ကြောင်း ဘီဘီစီက သတင်းဆက်လက် ရေးသား ထားသည်။

 

ဘာနီဘန်ဂူး (Banibangou) မြို့တော်ဝန်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် တီလာဘယ်ရီ (Tillaberi) ဒေသနှင့် ၅၅ ကီလိုမီတာ (၃၂မိုင်) အကွာရှိ ကျေးလက်တောရွာတစ်ရွာတွင် ခြုံခိုတိုက်ခိုက်ခြင်းခံခဲ့ရကြောင်း နိုင်ဂျာ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ ၎င်းထုတ်ပြန်ချက်ထဲတွင် အမည်မသိ လက်နက်ကိုင် ဓားပြများဟု စွပ်စွဲအပြစ်တင်ထားသည်။

နယ်မြေခံ IS ဟုခေါ်သော အစ္စလာမ္မစ်နိုင်ငံတော် (IS) အဖွဲ့တစ်ဖွဲ့နှင့် ဆက်နွယ်နေသည့် စစ်သွေးကြွများက အဆိုပါနယ်မြေကို သိမ်းပိုက်ထားသည်။

နိုင်ဂျာသည် မာလီ၊ ဘာကီနာဖာဆိုနှင့် နိုက်ဂျီးရီးယားတို့နှင့် နယ်နိမိတ်ချင်းထိစပ်နေပြီး ဂျီဟတ်ဝါဒီ သူပုန်ထ မှုများနှင့် ရင်ဆိုင်နေရသည်။ နိုင်ငံအနောက်တောင်ပိုင်းတွင် ယခုနှစ်အတွင်း သူပုန်အကြမ်းဖက်မှုများကြောင့် လူ ၅၀၀ ကျော် သေဆုံးခဲ့ရပြီးဖြစ်သည်။

ပြီးခဲ့သည့်မတ်လက ဂျီဟတ်ဝါဒီများဟု သံသယရှိသူများ ပူးပေါင်း၍ ကျေးလက်တောရွာ ၃ ရွာကို စီးနင်းတိုက်ခိုက် ခဲ့ရာ လူ ၁၃၇ ဦး သေဆုံးခဲ့သည်။