၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၅
အမေရိကန်နိုင်ငံ၏ ဝါရင့်သံတမန်တစ်ဦးဖြစ်သူ မစ္စတာဘီလ်ရစ်ချတ်ဆန်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ နိုဝင်ဘာ ၂ ရက် နေ့က တွေ့ဆုံဆွေးနွေးမှုများသည် တစ်စုံတစ်ရာ ထူးခြားမှု ရှိနိုင်သလား မရှိနိုင်ဘူးလား သုံးသပ်မှုများ ရှိနေသည်။
မစ္စတာဘီလ်ရစ်ချတ်ဆန်က ကိုဗစ်-၁၉ ကာကွယ်ဆေးနှင့် ဆေးဝါးပစ္စည်းများ၊ ပြည်သူ့ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များ အား ဖြည့်ဆည်းမည့် အကူအညီများ ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ထားကြောင်း၊ ဖမ်းဆီးထားသူများအား လွှတ်ပေးရန်၊ လူသားချင်း စာနာထောက်ထားသည့် အကူအညီပေးသူများအား ဝင်ရောက်ခွင့်ပြုရန် စသည်တို့အား တောင်းဆိုသွားမည်ဟု မြန်မာနိုင်ငံခရီးစဉ် မလာခင်က ထုတ်ဖော်ကြေညာခဲ့သည်။
နစကသတင်းထုတ်ပြန်ရေးအဖွဲ့ကတော့ ဘီလ်ရစ်ချတ်ဆန်နှင့် နစကဥက္ကဋ္ဌတို့သည် အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံ အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး အကူအညီပေးမည့် အကြောင်းတို့ကိုသာ ဆွေးနွေးခဲ့ကြကြောင်း ထုတ်ပြန်ထားသည်။
သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ ဒါရိုက်တာတစ်ဦးဖြစ်သူ ဦးသိန်းထွန်းဦးက ဘီလ်ရစ်ချတ်ဆန်၏ မြန်မာပြည် ခရီး စဉ်သည် ပုဂ္ဂလိက ခရီးစဉ်ဖြစ်သည့်အတွက် သတင်းမထုတ်ပြန်နိုင်သည့် အကြောင်းအရာ တစ်စုံတစ်ခု လာရောက် ညှိနှိုင်း ခြင်းဖြစ်နိုင်ကြောင်း သုံးသပ်သည်။
၎င်းက “အခြေအနေတစ်ခု ဘာထူးခြား ပြောင်းလဲသွားမလဲဆိုတော့ သူလည်း အလွတ်သဘောအရ လာလည်တယ်။ ဒီဘက် ကလည်း သံတမန်နည်းလမ်းအရ လက်ခံတွေ့ဆုံ လိုက်တယ်။ ဆိုလိုတာက သိပ်ထူးခြားတဲ့ အနေအထားမျိုးတော့ ဘာမှမြင် ရမှာ မဟုတ်ဘူး။ ဒါပေမယ့် တဖက်က ပြန်တွေး ကြည့်ရင်တော့လည်း အမေရိကန်အနေနဲ့ သံတမန်နည်းလမ်းအရ သူပြန် ပြီးတော့ ချဉ်းကပ်ဖို့ကြိုးစားတဲ့ ခြေလှမ်းတစ်ခုရဲ့အစလို့ ကျနော်တို့ သုံးသပ်လို့ရတာပါ။ ဒါကတော့ ခန့်မှန်းကြည့်တာပေါ့။ အထူးသဖြင့် အာဆီယံက ကိုယ်စားလှယ်တောင်းဆိုထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရေးတို့၊ အထူးသဖြင့်တော့ နိုင်ငံရေးအကျဉ်းသားလို့ ခေါင်းစဉ်တပ်ထားတဲ့ အောက်ကနေ ပြန်လွှတ်ပေးရေးတို့ ဒါမျိုးတွေပဲ ပါပါလိမ့်မယ်။ များသော အားဖြင့်တော့ အနောက်နိုင်ငံတွေဘက်က လာလို့ရှိရင် တောင်းဆိုချက်က အဲ့ဒါမျိုး လာတတ်တာများပါတယ်”ဟု CNI သတင်းဌာနသို့ ပြောသည်။
မစ္စတာဘီလ်ရစ်ချတ်ဆန်သည် ၎င်း၏ ခရီးစဉ်အား အမေရိကန်အစိုးရနှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်တို့ကို အသိပေးခဲ့ ကြောင်း၊ ယခုခရီးစဉ်သည် ပုဂ္ဂလိက အစီအစဉ်ဖြင့် ဆောင်ရွက်သော ခရီးစဉ်သာဖြစ်ကြောင်း ဆိုထားသည်။
ဦးသိန်းထွန်းဦးက “အမေရိကန်အနေနဲ့ ဒီအပေါ်မှာ မူတည်ပြီးတော့ သံတမန်ရေးရာ ဘာဆက်လုပ်မလဲဆိုတာ ဒါကိုတော့ စောင့်ကြည့်ရဦးမယ့် အနေထားပေါ့။ တစ်ခုခု ထပ်လှုပ်ရှားမယ်ဆိုရင်တော့ ဒါနဲ့ပတ်သက်ပြီး သံတမန်ရေး နည်းလမ်းကို ပိုပြီးအားပြုနိုင်မယ်ဆိုတဲ့ သုံးသပ်ချက်ကို ထုတ်လို့ရမယ်။ အနောက်နိုင်ငံတွေနဲ့ ပတ်သက်လို့ အမေရိကန်ရဲ့ ပထမဆုံး ခြေ လှမ်း တစ်ခုဆိုတော့ သူ နောက်ထပ် ခြေလှမ်းတွေ ဆက်လှမ်းကောင်း လှမ်းသွားမယ်။ ဒါကိုတော့ ကျနော်တို့ မျှော်လင့်လို့ ရတာပေါ့”ဟု CNI သတင်းဌာနသို့ ပြောသည်။
ယခုတွေ့ဆုံမှုမှာ မြန်မာနိုင်ငံအတွက် တစ်စုံတစ်ရာ မျှော်လင့်ချက်ရှိကြောင်းနှင့် နိုင်ငံရေးပြဿနာများအား ဖြေရှင်းရာတွင် တွေ့ဆုံဆွေးနွေးရေးသည် အကောင်းဆုံးဖြစ်ကြောင်း ရန်ကုန်စောင့်ကြည့်အဖွဲ့ တည်ထောင်သူ ဒေါက်တာညိုညိုသင်းက ဆိုသည်။
၎င်းက “အန်တီတို့ကတော့ ဘယ်လို တွေ့ဆုံမှုမျိုးကိုမဆို မြန်မာနိုင်ငံအတွက် မျှော်လင့်ချက်ထားပါတယ်။ ဘယ်သူနဲ့တော့ တွေ့ဆုံရမယ်၊ ဘယ်သူနဲ့တော့ မတွေ့ဆုံရဘူးဆိုပြီး ကန့်သတ်ချက်တွေ မထားစေချင်ဘူးပေါ့။ နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းဖို့ဆိုတာက တွေ့ဆုံဆွေးနွေး ညှိနှိုင်းရေး လမ်းကြောင်းဟာ အကောင်းဆုံး နည်းလမ်းတွေထဲမှာ တစ်ခု အပါအဝင် ဖြစ်တယ်။ ဒါကြောင့်မို့လို့ တွေ့ဆုံနိုင်သမျှ ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံတာဟာ ကောင်းပါတယ်”ဟု CNI သတင်းဌာနသို့ ပြောသည်။
မစ္စတာဘီလ်ရစ်ချတ်ဆန်သည် အမေရိကန်ပြည်ထောင်စု နယူးမက္ကဆီကိုပြည်နယ်၏ ၃၀ ဦးမြောက် အုပ်ချုပ်ရေးမှူးဟောင်း ဖြစ်သလို ကုလသမဂ္ဂ၏ အမေရိကန်သံအမတ်ကြီးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။ထို့ပြင် အမေရိကန်အောက် လွှတ်တော်အမတ်လည်းဖြစ်ခဲ့သလို ဒေါ်အောင်ဆန်းစုကြည် အစိုးရအဖွဲ့ ၂၀၁၈ ခုနှစ်က ဖွဲ့စည်းခဲ့သည့် ရခိုင်အကြံပေးကော် မတီ အဖွဲ့၀င်အဖြစ်လည်း တာ၀န်ယူခဲ့ဖူးသည်။
မစ္စတာဘီလ်ရစ်ချတ်ဆန်သည် ကျူးဘား၊ အီရတ်၊ မြောက်ကိုရီးယား၊ ဆူဒန်၊ ဗင်နီဇွဲလား စသည့် နိုင်ငံများတွင် ဖမ်းဆီးခံရ သည့် အမေရိကန်နိုင်ငံသားများ ပြန်လည်လွတ် မြောက်ရေးအတွက် သံတမန်ရေး နည်းလမ်းကနေဆောင်ရွက်ခဲ့ဖူးသူလည်း ဖြစ်ပါသည်။
လက်ရှိ မြန်မာပြည်မှာ ဖမ်းဆီးခံထားရသည့် အမေရိကန်နိုင်ငံသား သတင်းထောက် ဒန်နီဖန်စတာ(Danny Fenster) ပြန်လည် လွတ်မြောက်ရေး သံတမန်နည်းလမ်းကနေ ဆောင်ရွက်နေသလား သုံးသပ်မှုများလည်း ရှိနေကြသည်။