၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၄

ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ စေ့စပ်ညှိနှိုင်းခဲ့ပါက လက်ရှိ အပြုတ်တိုက်ရေး အုပ်စုများ အနေဖြင့် လက်ခံနိုင်ခြေရှိကြောင်း ပအို၀်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO)၏ ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

နှစ်ဘက်ခေါင်းဆောင် အချင်းချင်း စေ့စပ်ညှိနှိုင်း၍ နိုင်ငံရေး သဘောတူညီမှု ရရှိသည့်အပေါ် မူတည်၍ အပြုတ်တိုက်ရေး အုပ်စုများကိစ္စ ဖြေရှင်းရန် လွယ်ကူသွားမည်ဟု ယူဆကြောင်း ၎င်းက ဆိုသည်။

ဗိုလ်မှူးကြီးခွန်ဥက္ကာက “ဒေါ်အောင်ဆန်းစုကြည်တို့၊ ဦးဝင်းမြင့်တို့ ကိုယ်တိုင် ဦးဆောင်ဦးရွက်ပြုပြီးတော့ အခု NUG အစိုးရလည်း သူတို့က ဦးဆောင်တဲ့ သူပဲကိုး။ အခု လက်နက် ကိုင်အားလုံးလည်း NUG အစိုးရလက်အောက်မှာ သွားနေတဲ့ ပုံစံမျိုး ဖြစ်နေတော့ စည်းနဲ့ကမ်းနဲ့ဆိုရင် စစ်ကောင်စီလက်အောက်မှာ မနေဘူးဆိုရင် လူထုရွေးကောက်ထားတဲ့ အစိုးရ အမိန့်အောက်မှာ လိုက်နာရမှာပေါ့ဗျာ။ လက်နက်ကိုင်ရဲ့ သဘောကတော့ အဲဒီလို အမိန့်နာခံမယ်ဆိုရင်တော့ ‌ဒေါ်အောင်ဆန်းစုကြည်တို့၊ ဦးဝင်းမြင့်တို့ ‌အောက်မှာပဲ လုပ်ရမယ့် သဘောရှိတာပေါ့။ ဒါဆိုရင်တော့ ကိုယ့်လုံခြုံရေးနဲ့ ရှေ့ရေးကို အာမခံချက်ရှိတယ်ဆိုရင် ကျနော်တို့ တွက်တာက တစ်စုံတစ်ရာ ထိန်းညှိလို့ရသွားမယ်လို့ ယူဆလို့ရပါတယ်” ဟု CNI သတင်းဌာနသို့ ပြော သည်။

သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ ဒါရိုက်တာတစ်ဦးဖြစ်သူ ဦးသိန်းထွန်းဦးက အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ နစကဥက္ကဋ္ဌတို့ စေ့စပ်ညှိနှိုင်းရေးမှာ မဖြစ်နိုင်ကြောင်းပြောသည်။

ပုံ-ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့ရစဉ်။

ဦးသိန်းထွန်းဦးက “ပွင့်ပွင့်လင်းလင်း ပြောရရင် ညှိနှိုင်းတယ်ဆိုတဲ့ ကိစ္စရပ်ကလေ ၂၀၂၁ ဖေဖော်ဝါရီ မတိုင်ခင်မှာ အကုန်လုံး ဖြစ်ခဲ့ရမှာ အဲတုန် က ညှိနှိုင်းမှုကိစ္စရပ် အောင်မြင်ခဲ့တယ်ဆိုရင် ဒီအချိန်မှာ ကျနော်တို့ မြန်မာနိုင်ငံသွားနေတဲ့ လမ်းကြောင် က တစ်မျိုးဖြစ်ကောင်း ဖြစ်သွားနိုင်တယ်။ ဒီအချိန်မှာတော့ တွေ့ဆုံညှိနှိုင်းရေးဆိုတဲ့ကိစ္စဟာ လုံးဝဖြစ်နိုင်စရာ အကြောင်းမရှိဘူး။ တွေ့ဆုံဖို့ ကိစ္စကိုတောင်မှ မဖြစ်နိုင်ဘူးလို့ ကျနော်တို့ သုံးသပ်တဲ့အတွက် ရလာမယ့် ရလဒ်ဟာလည်း ကျနော်တို့ မှန်းဆစရာ အကြောင်းတော့ မရှိပါဘူး”ဟု CNI သတင်းဌာနသို့ ပြောသည်။

အမျိုးသားညီညွတ်‌ရေးအစိုးရ (NUG)က ဆုတ်ကိုင်ထားသည့် ၂၀၂၀ ‌ရွေးကောက်ပွဲရလဒ်အတိုင်း ပြန်ဖြစ်ရန် မဖြစ်နိုင်ကြောင်း၊ နစကဘက်ကလည်း အလျော့ပေးလိမ့်မည် မထင်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးရဲထွန်းက ပြောသည်။

ဦးရဲထွန်းက “အဖြေတစ်ခုဖြစ်ဖို့ကတော့ NUG၊ NLD က အခုဆုပ်ကိုင်ထားတဲ့ လမ်းကြောင်းအတိုင်း မူလ ၂၀၂၀ ရွေးကောက် ပွဲ ရလဒ်အတိုင်း ပြန်ဖြစ်ဖို့ ဆိုတာမျိုး ဆုတ်ကိုင်ထားလို့ ရှိရင်တော့ နစကဘက်ကလည်း အလျှော့ပေးလိမ့်မယ် မထင်ဘူး။ အကယ်လို့ သူတို့ သိပ်ပြီးတော့ အခြေအနေ မကောင်းဘူးဆိုရင်တောင်မှ သူက ချောင်ပိတ်ပြီး ရိုက်သလိုမျိုးပေါ့နော်။ အစွမ်းကုန် ပြန်ပြီးတော့ တိုက်ခိုက်မှာပဲ။ ကြားထဲမှာ နှစ်ဖက် လက်ခံနိုင်မယ့်ဟာမျိုး လိုတယ်။ နှစ်ဖက်စလုံးက သိက္ခာရှိရှိနဲ့ ထွက်လို့ရတဲ့ ထွက်ပေါက်တစ်ခု ရှာပေးနိုင်ဖို့ လိုတယ်။ အဲလို ထွက်ပေါက်တစ်ခုရဖို့ ညှိနှိုင်းပေးတဲ့လူက ‌‌ဒေါ်အောင်ဆန်းစု ကြည်တို့နဲ့ ဦးဝင်းမြင့်တို့နဲ့ တွေ့ခွင့်ရဖို့ ဆွေးနွေးညှိနှိုင်းပေးဖို့ လိုတယ်”ဟု CNI သတင်းဌာနသို့ပြောသည်။

ပုံ- ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုတွေ့ရစဉ်။

လတ်တလောမှာတော့ ပြည်တွင်းတွင် လက်နက်ကိုင်ပဋိပက္ခ ပိုပြင်းထန်လာပြီး နစက-က ထိန်းသိမ်းရ ပိုခက်ခဲလာခြင်းနှင့် နိုင်ငံတကာဖိအား ပိုပြင်းထန်လာသည့် အခြေအနေမျိုးအောက်မှာပဲ စေ့စပ်ညှိနှိုင်းသည့် အခြေအနေ ရောက်နိုင်မည်ဟု မြင် မိကြောင်း ၎င်းက ဆိုသည်။

လက်ရှိ မြန်မာနိုင်ငံရေး အကျပ်အတည်း ဖြေရှင်းနိုင်ရန်အတွက် နိုင်ငံတကာ တွေ့ဆုံဆွေးနွေးကြရန် တိုက်တွန်းနေသော် လည်း နွေဦးတော်လှန်ရေးကို ဆောင်ရွက်နေကြသည့် အင်အားစုများက စေ့စပ်ညှိနှိုင်းရေးမလုပ်ဘဲ အပြုတ်တိုက်ရေး ကို ကြွေးကြော်ကာ ဆောင်ရွက်လျက်ရှိနေသလို နစကဘက်ကလည်း တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကို သွားမည်ဟု ထုတ်ဖော်ပြောကြားခြင်းမရှိဘဲ အားလုံးက ဆန့်ကျင်ဘက်များမှာ ရပ်တည်နေကြသည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများ က ဆိုကြသည်။