ဂျီနီဗာ၊ နိုဝင်ဘာ ၄

တီဂရေးဒေသတွင် ဖြစ်ပွားနေသော အီသီယိုးပီးယား၏နှစ်ရှည်စစ်ပွဲအတွင်း နှစ်ဘက်စလုံးက စစ်ရာဇဝတ်မှု များနှင့် လူသားမျိုးနွယ်စုအပေါ်ကျူးလွန်သည့်ရာဇဝတ်မှုများရှိခဲ့ကြောင်း၊ ယင်းရာဇဝတ်မှုများကို အစွန်းရောက် ရက်စက်ကြမ်းကြုတ်စွာဖြင့် ကျူးလွန်ခဲ့ကြကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာအကြီးအကဲက နိုဝင်ဘာ ၃ ရက်တွင် ပြောကြားခဲ့သည်ဟု အေပီသတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

အီသီယိုးပီယားတပ်ဖွဲ့များနှင့် အိမ်နီးချင်း အီရစ်ထရီးယားနိုင်ငံတို့ အချိတ်အဆက်ရှိကြပြီး ၎င်းတို့ချိုးဖောက်မှု အမြောက်အမြားရှိနေကြောင်း အဆိုပါ လူ့အခွင့်အရေးဆိုင်ရာအကြီး အကဲက မှတ်ချက်ချခဲ့သည်။

တီဂရေးဒေသရှိ တပ်ဖွဲ့များကို နှစ်ရှည်လများလွှမ်းမိုးထားသော အမျိုးသားအစိုးရနှင့် ဝန်ကြီးချုပ်အေဘိုင်အာမက် ၏ လက်ရှိအစိုးရတို့အကြား နိုင်ငံရေးအရ ကွဲလွဲကြပြီးနောက် လူထောင်နှင့်ချီ၍ သေဆုံးခဲ့ရသော ပဋိပက္ခသည် ယမန်နှစ် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလကတည်းက စတင်ဖြစ်ပွားနေခဲ့ခြင်းဖြစ်သည်။

နိုင်ငံတဝန်းရှိ တီဂရာယန်လူမျိုးစုများ မတရားဖမ်းဆီးထိန်းသိမ်းမှုများဖြင့် ပစ်မှတ်ထားခံရကြောင်း၊ တီဂရေး ဒေသတွင် အရပ်သားများအပေါ် အုပ်စုဖွဲ့မတရားပြုကျင့်မှု၊ အငတ်ဘေးနှင့် အစုလိုက် အပြုံလိုက် နှင်ထုတ်ခံရခြင်း တို့ရှိခဲ့ကြောင်း UN အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။

အစိုးရက ဖွဲ့စည်းပေးသော အီသီယိုးပီးယားလူ့အခွင့်အရေးကော်မရှင်နှင့် ကုလသမဂ္ဂလူ့အခွင့်အရေးရုံးတို့ ရှားရှား ပါးပါး ပူးပေါင်းဆောင်ရွက်မှုဖြစ်သော စုံစမ်းစစ်ဆေးမှုတစ်ခုမှလည်း အာဏာပိုင်များခြိမ်းခြောက်မှုနှင့် ကန့်သတ်မှု များကြောင့် အနှောင့်အယှက်ရှိနေ၍ စစ်ပွဲ၏အဆိုးဝါးဆုံးနေရာအချို့အထိ သွားရောက်စုံစမ်းနိုင်ခဲ့ခြင်းမရှိပေ။

သတင်းထောက်များ၊ လူ့အခွင့်အရေးအဖွဲ့များနှင့် အခြားလေ့လာသူများ ဝင်ရောက်ခြင်းမပြုရန် အီသီယိုးပီးယား အာဏာပိုင်များက တင်းကြပ်ထားသဖြင့် ပဋိပက္ခဖြစ်ပွားရာဒေသသို့ ဝင်ရောက်ခွင့်ရရှိရေးအတွက် ပူးပေါင်း လုပ်ဆောင်မှုလိုအပ်နေကြောင်း ကုလသမဂ္ဂတာဝန်ရှိသူတစ်ဦးက အေပီသတင်းဌာနသို့ ပြောကြားခဲ့သည်။

တီဂရေးဒေသ၌ စစ်ပွဲစတင်၍ တစ်နှစ်ပြည့်သည့်နေ့ မတိုင်မီ တစ်ရက်အလိုတွင် ယခု UN အစီရင်ခံစာကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

လတ်တလောအနေအထားတွင် မြို့တော်အေဒစ်အဘာဘာအနီးသို့ တီဂရေးတပ်ဖွဲ့ဝင်များ ချဉ်းကပ်နေပြီး ခြိမ်းခြောက်မှုများရှိလာသဖြင့် အီသီယိုးပီးယားနိုင်ငံတဝန်း အရေးပေါ်အခြေအနေ ကြေညာထားရသည်။