CNI News

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၄

ဆက်သွယ်ရေးကုမ္ပဏီတစ်ခုဖြစ်သည့် Mytel ကုမ္ပဏီမှ အရာရှိတစ်ဦးဖြစ်သူ ဦးသိန်းအောင်နှင့် ဇနီးကို ယနေ့ နံနက် ၇ နာရီက အမည်မသိ သေနတ်သမား တစ်ဦးက ပစ်ခတ်ခဲ့ခြင်းကြောင့် ဦးသိန်းအောင် သေဆုံးခဲ့ပြီး ဇနီး ဖြစ်သူမှာ ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

မရမ်းကုန်းမြို့နယ်၊ (၇)ရပ်ကွက်၊ တေးနုယဉ်လမ်း နိုဝင်ဘာ ၄ ရက် ယနေ့ နံနက် ၇ နာရီခွဲခန့်တွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး နစကသတင်းထုတ်ပြန်ရေးအဖွဲ့က “ (၇)ရပ်ကွက်၊တေးနုယဉ်လမ်း၊ မရမ်းကုန်း မြို့နယ်နေ ဦးသိန်းအောင် (၅၆)နှစ်နှင့် ၎င်း၏ ဇနီးဖြစ်သူ သည် တေးနုယဉ်လမ်းအတိုင်း လမ်းလျှောက်ပြန်လာ စဉ် လက်နက်ကိုင်သမား ၁ ဦးမှ စောင့်ဆိုင်း၍ သေနတ် ဖြင့် ပစ်ခတ်ကာ တေးနုယဉ်လမ်းအတိုင်း ရန်ကုန်- ပြည်လမ်းသို့ ထွက်ပြေး သွားခဲ့သည်”ဟု ဆိုသည်။

ထိုပစ်ခတ်မှုကြောင့် ဦးသိန်းအောင်သည် သေနတ်ထိမှန်ဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး ဇနီးဖြစ်သူမှာ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူလျက်ရှိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ထား သည်။

ဦးသိန်းအောင်သည် စစ်တက္ကသိုလ်(DSA)အပတ်စဉ် ၂၈ ဆင်းဖြစ်ပြီး ရေတပ်တွင် ဗိုလ်မှူးအဆင့်ထိ တာဝန် ထမ်းဆောင်ကာ အငြိမ်းစားယူခဲ့သည်။ ထို့နောက် Mytel ဆက်သွယ်ရေးကုမ္ပဏီတွင် ငွေကြေးဆိုင်ရာ အရာရှိ အဖြစ် လုပ်ကိုင်နေသူဖြစ်ကြောင်း သိရသည်။