ဝါရှင်တန်၊ နိုဝင်ဘာ ၄

ပြီးခဲ့သည့် ၅ လက ထောင်ဒဏ်ချမှတ်ခံထားရသည့် အမေရိကန်သတင်းထောက် ဒန်နီဖန်စတာ(Danny Fenster) ၏ အာမခံလျှောက်ထားမှုကို မြန်မာနိုင်ငံရှိ တရားရုံးတစ်ရုံးက ပယ်ချငြင်းဆိုခဲ့ပြီး ၎င်းအပေါ် စွဲချက်အသစ် ထပ်မံထည့်သွင်းခဲ့ကြောင်း ဒန်နီဖန်စတာ၏ရှေ့နေက ပြောကြောင်း အေပီနှင့် ရိုက်တာသတင်းဌာနများ၏ ဖော်ပြချက်ကို ကိုးကားလျက် အယ်လ်ဂျာဇီးယားက ရေးသားဖော်ပြသည်။

ဒန်နီဖန်စတာသည် မှားယွင်းသော (သို့မဟုတ်) လှုံ့ဆော်ရာရောက်သော သတင်းအချက်အလက်များ ဖြန့်ဝေ ရေးသားမှုဖြင့် စွဲချက်အတင်ခံထားရပြီး ယင်းစွဲချက်မှာ ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်သည့်ပြစ်မှုဖြစ်သည်။

ထို့အပြင် ၎င်းသည် မတရားအသင်းနှင့်ဆက်သွယ်မှု၊ ဥပဒေချိုးဖောက်မှုဖြင့်လည်း စွဲချက်အတင်ခံထားရပြီး ယင်း အမှုမှာလည်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထောင်ဒဏ် ၂ နှစ်မှ ၃ နှစ်အထိ ချမှတ်ခံရနိုင်သည်။

 

လူဝင်မှုကြီးကြပ်ရေးဥပဒေကို ချိုးဖောက်သည်ဟု ထပ်မံတိုးလာသော စွဲချက်အသစ်မှာ ဗီဇာစည်းကမ်း မလိုက်နာခြင်းကြောင့်ဟုဆိုပြီး ယင်းစွဲချက်မှာ ထောင်ဒဏ် ၆ လမှ ၅ နှစ်အထိ ချမှတ်နိုင်သည်ဟု ၎င်း၏ရှေ့နေ ဦးသန်းဇော်အောင်က မီဒီယာများကို ပြောသည်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း ဘီလ်ရစ်ချတ်ဆန် ယခုလဆန်းပိုင်း မြန်မာနိုင်ငံသို့ လာ ရောက်စဉ် ယခုကဲ့သို့ တရားရုံးကိစ္စပေါ်ပေါက်လာခြင်းဖြစ်သည်။ မငြိမ်မသက်ဖြစ်နေသော မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုအကူအညီပေးရေးမျှော်မှန်းသော ရစ်ချက်ဆန်၏ခရီးစဉ်အတွင်း စစ်တပ်က ခန့်အပ်ထားသော အစိုးရထိပ်ပိုင်းခေါင်းဆောင်များနှင့် ဆွေးနွေးရန် ရည်မှန်းချက်ရှိကြောင်း ရစ်ချက်ဆန်က ပြောကြားထားသည်။

ဝါရှင်တန်နှင့် ဆက်ဆံရေးကြဲလှသည့် မြောက်ကိုရီးယားကဲ့သို့နိုင်ငံမျိုး၌ပင် အမေရိကန်လူမျိုးများ လွတ်မြောက် ရန် ယခင်ကလည်း ရစ်ချက်ဆန်ကြိုးစားနိုင်ခဲ့မှုကြောင့် ယခု ဒန်နီဖန်စတာ လွတ်မြောက်ရေးလည်း ကြိုးစား နိုင်လိမ့်မည်ဟု မျှော်လင့်ရကြောင်း ၎င်းက အခိုင်အမာပြောကြားထားသည်။