ကရာကတ်စ်၊ နိုဝင်ဘာ ၄

ဗင်နီဇွဲလားအစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများကို ဖြိုခွင်းမှုများအတွင်း လူသားမျိုးနွယ်များအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများရှိ/မရှိ နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) က စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ဘီဘီစီ အင်္ဂလိပ်ပိုင်း ဝက်ဘ်ဆိုက်က နိုဝင်ဘာလ ၄ ရက် (ယနေ့) နံနက်ပိုင်းတွင် ရေးသားဖော်ပြသည်။

ICC ၏ရှေ့နေ့ချုပ် ကရိမ်ခမ်း က ဗင်နီဇွဲလားမြို့တော် ကရာကတ်စ်သို့ ၃ ရက်ကြာခရီးစဉ်အပြီး၌ ယခု စုံစမ်း စစ်ဆေးရန် ဆုံးဖြတ်ချက်ကို ကြေညာလိုက်ခြင်းဖြစ်သည်။

ယင်းသို့ စုံစမ်းစစ်ဆေးရန် ဆုံးဖြတ်ချက်ကို မိမိတို့နိုင်ငံက လေးစားသော်လည်း မျှဝေခံစားမှုရှိမည်မဟုတ်ကြောင်း ဗင်နီဇွဲလားသမ္မတ နီကိုလပ်မာဒျူရိုက တုံ့ပြန်ခဲ့သည်။

ဗင်နီဇွဲလားနိုင်ငံတွင် အတိုက်အခံများအင်အားကောင်းနေသည့် အမျိုးသားလွှတ်တော်ကို ဖျက်သိမ်းရန် တရားရုံး ချုပ်က ဆုံးဖြတ်ပြီးနောက် ဆန္ဒပြမှုများ စတင်ဖြစ်ပွားလာခဲ့သည်။

ဗင်နီဇွဲလား၏အတိုက်အခံများနှင့် ၎င်း၏အစိုးရတို့က ၎င်းတို့အချင်းချင်း အပြန်အလှန်ကျူးလွန်ထားကြသည့် ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးရန် ICC ကို တပြိုင်တည်း တိုက်တွန်းထားကြသည်။

နိုင်ငံပေါင်း ၅၀ ကျော်၏ ကျောထောက်နောက်ခံရရှိထားသော အတိုက်အခံခေါင်းဆောင် ဂျူရန်ဂိုင်ဒို က သူ့ကိုယ်သူ ယာယီသမ္မတအဖြစ် အခိုင်အမာပြောကြားထားပြီး ယခု ICC ၏ တိုးတက်လုပ်ဆောင်နေမှုများကို ကြိုဆိုခဲ့သည်။

ဗင်နီဇွဲလားတွင် ငြင်းဆိုခံထားရသော တရားမျှတမှုရရှိစေရန် အခွင့်အရေးများကို တောင်းဆိုရန် အတိုက်အခံ အုပ်စုက တွစ်တာလူမှုကွန်ရက်တွင် ရေးသားလွှင့်တင်ခဲ့ပြီး ဆန္ဒပြပွဲများအတွင်း သေဆုံးခဲ့ရသူမိသားစုများ ထုတ်ဖော်ပြောကြားနိုင်စေရမည်ဟု ဆိုသည်။

ယခုစုံစမ်းစစ်ဆေးမည့်အရေးကိစ္စသည် မစ္စတာမားဒျူရိုအစိုးရ၏ ရက်စက်ကြမ်းကြုတ်မှုများကို ခါးစည်း ခံစားရသူများအတွက် တရားမျှတမှုလမ်းကြောင်း ဆောင်ကြဉ်းပေးမည်ဖြစ်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch-HRW) က ပြောသည်။

“မြောက်အမေရိကတိုက်မှာ ICC ရဲ့ အခုလို စုံစမ်းစစ်ဆေးမှုဟာ ဗင်နီဇွဲလားပြည်သူတွေအပေါ် မာဒျူရိုအစိုးရရဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေအပေါ် သက်ရောက်မှုရှိစေမှာဖြစ်ပါတယ်” ဟု HRW မှ ဒါရိုက်တာတစ်ဦးဖြစ်သူ ဂျိုစီမီ ဂွဲဗီဗန်ကို၏ ကြေညာချက်တစ်စောင်တွင် ပြောကြားထားသည်။

၎င်း၏အလုပ်မှာ နိုင်ငံရေးအရ “သာသည်၊ နာသည်” ဖြေရှင်းရန်မဟုတ်ဘဲ တရားဥပဒေစိုးမိုးရေးကို ထိန်းကျောင်း ရန်သာ ဖြစ်ကြောင်း ICC ရှေ့နေချုပ် ကရိမ်ခမ်းက ပြောကြားထားသည်။

၂၀၁၈ ခုနှစ်ကတော့ ICC ၏ ပဏာမစုံစမ်းစစ်ဆေးမှုအတွင်း စာရွက်စာတမ်းများနှင့်အချက်အလက်များကို မိမိအစိုးရအား ကြည့်ရှုခွင့်မပေးခဲ့ကြောင်း မာဒျူရိုက ပြောကြားထားသည်။