CNI News

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၄

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၏ ရဲဘော်များကို လုံခြုံရေးတပ်ဖွဲ့များ က ခေါ်ဆောင်သွားပြီး ယင်းအတွက် အပစ်ရပ် (၁၀)ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင် အဖွဲ့ (PPST) က ပြန်လွှတ်ပေးရန် ယနေ့(နိုဝင်ဘာ ၄ရက်)တွင် တောင်းဆိုလိုက်သည်။

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ဖွင့်လှစ်ထားသည့် ABSDF ၏ ဆက်ဆံရေးရုံးကို နိုဝင်ဘာ ၂ ရက်နေ့က လုံခြုံရေး တပ်ဖွဲ့ဝင်များက ဝင်ရောက်ကာ ရဲဘော် ၄ ဦးကို ခေါ်ဆောင်သွားခဲ့သည်။

PPST မှ ဦးဆောင်မှုအလုပ်အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းက “ဆက်ဆံရေးရုံးနဲ့ ရုံးအဖွဲ့ဝင်များဟာ Bilateral စာချုပ်နဲ့ NCA စာချုပ်အရ သက်ဆိုင်ရာ EAO များရဲ့ နှစ်ဘက်သဘောတူ တရားဝင်ခန့်အပ်ထားတဲ့ သံတမန်ကဲ့သို့ ဆက်ဆံရေးအရာရှိများ ဖြစ်သည့်အပြင် ၎င်းတို့အား အကာအကွယ်ပေးရမည်ဟု NCA တွင် ပြဌာန်း ထားသောကြောင့် ဤပြုမှုချက်က NCA ကို ချိုးဖောက်ရာရောက်တဲ့အတွက် အမြန်ဆုံး ပြန်လွှတ်ပေးဖို့ PPST ကိုယ်စားတောင်းဆိုပါတယ်” ဟု ပြောသည်။

လုံခြုံရေးတပ်ဖွဲ့ ၏ ခေါ်ဆောင်သွားခြင်းခံရသူများမှာ ဆက်ဆံရေးရုံးတာဝန်ခံ ရဲဘော် ကိုအောင်ဘော်၊ ကိုတင်စိုး၊ ကိုကပ္ပလီ၊ ကိုခင်မောင်ဝင်းတို့ဖြစ်သည်။

၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁ ရက်က ABSDF ဖွဲ့စည်းတည်ထောင်ခြင်း (၃၃) နှစ်ပြည့် ထုတ်ပြန်ချက်တွင် ABSDF မှ တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူလူထုတရပ်လုံး စစ်အာဏာရှင် စနစ်အောက်မှ လွတ် မြောက်ရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးရရှိရေး၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေး၊ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး စသည့် နိုင်ငံရေး ဦးတည်ချက် ၄ ရပ်ကို ဆက်လက်ကိုင်စွဲပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရေး အင်အားစု များနှင့်အတူ လက်တွဲတိုက်ပွဲဝင်သွားမည်ဟု ကြေညာထားသည်။

ABSDF သည် ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၃ ခုနှစ်၊ ဩဂုတ်လတွင် ပြည်နယ်/ပြည်ထောင်စုအဆင့် ပဏာမ အပစ်အခတ်ရပ်စဲရေးစာချုပ် (Bilateral) အဆင့် လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်(NCA) ကို လက်မှတ်ရေးထိုးခဲ့သည်။

PPST ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့က တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးသဘောတူ စာချုပ် (NCA)ထိုးထားသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ ချုပ် (PNLO)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီ(ALP) တို့က ပထမဆုံးဖွဲ့စည်းခဲ့သည်။

ထို့နောက် ၂၀၁၈ ခုနှစ်၊ဖေဖော်ဝါရီလ ၁၃ ရက်တွင် NCA လက်မှတ်ထိုးခဲ့သည့် မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)တို့လည်း အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ခြင်းကြောင့် လက်ရှိတွင် အဖွဲ့ဝင် (၁၀)ဖွဲ့ဖြင့် ဖွဲ့စည်းထားသည်။