CNI News

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၄

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)၏ ဆွေးနွေးညှိနှိုင်းရေးကော်မတီဖွဲ့စည်းခြင်းကို ယနေ့ နှစ်ရက်တာ အစည်းအဝေးမှာ ဆွေးနွေး၍ သဘောထား ချမှတ်သွားကြမည်ဟု PPST ၏ ဦးဆောင်မှု အလုပ် အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းက ပြောသည်။

PPST အစည်းအဝေး ၂၁/၂၀၂၁ ကို နိုဝင်ဘာ ၄ ရက်မှ ၅ ရက်အထိ နှစ်ရက်တာ အွန်လိုင်းကနေ ကျင်းပ လျက်ရှိရာ အစည်းအဝေး အဖွင့်မိန့်ခွန်းတွင် နိုင်အောင်မင်းက အထက်ပါ အတိုင်းပြောခဲ့ခြင်း ဖြစ်သည်။

နိုင်အောင်မင်းက “ ဒီနှစ်ရက်တာ PPST အစည်းအဝေးမှာ PPST ရဲ့ ဆွေးနွေးညှိနှိုင်းရေး ကော်မတီဖွဲ့စည်းခြင်း၊ NCA-S EAO တို့ရဲ့ စတုတ္ထအကြိမ်ညီလာခံ(ဒုတိယပိုင်း) ကျင်းပခြင်း၊ NCA-S EAO တို့ရဲ့ အနာဂတ်စုဖွဲ့မှု၊ PPST ရဲ့ နိုင်ငံရေးရပ်တည်ချက် (၇)ရပ် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း အခြေအနေ၊ ကိုဗစ်-၁၉ ကပ် ရောဂါဆိုင်ရာလုပ်ငန်း စတာတွေကို ဆွေးနွေးညှိနှိုင်းပြီး သဘောထား ချမှတ်သွားဖို့ရှိပါတယ်”ဟု ဆိုသည်။

ထို့နောက် တစ်ဖက်မှာလည်း လက်ရှိ နိုင်ငံရေး အကျပ်အတည် ဖြေရှင်းရေးအတွက် ကုလသမဂ္ဂက အသစ်ခန့် အပ်လိုက်သည့် မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် ဒေါက်တာနိုလင်းဟေဇာနှင့်ချိတ်ဆက် ပံ့ပိုး ဆောင်ရွက်နိုင်ရေးကိုလည်း ဆွေးနွေးသွားမှာ ဖြစ်ကြောင်း ၎င်းက ဆိုသည်။

PPST က ဖွဲ့စည်းမည့် ဆွေးနွေးညှိနှိုင်းရေးကော်မတီသည် နစကနှင့် ဆွေးနွေးရေးလား၊ NUG နှင့်ဆွေးနွေးရေးလား၊ နိုင်ငံတကာသံတမန်များဖြင့် ဆွေးနွေးရေးလား စသဖြင့် သဲသဲကွဲကွဲ မသိရသေးပေ။ ထို့နောက် နစက၊ NUG ၊ နိုင်ငံတကာသံတမန်များ စသည့် အစုအဖွဲ့အားလုံးဖြင့် ဆွေးနွေးညှိနှိုင်းနိုင်ရေး ကြိုးပမ်းသည်လားလည်း မသိရသေးပေ။

ပုံ- ၂၀၂၁ ခုနှစ်၊နိုဝင်ဘာ ၄ ရက်က ကျင်းပနေသည့် PPST အစည်းအဝေးကိုတွေ့ရစဉ်။ (NCA-S EAO)

နိုင်အောင်မင်းက “မိမိတို့ဟာ လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ တစ်ဖွဲ့ချင်းရဲ့ အကျိုးစီးပွားနဲ့ အစုအဖွဲ့ရဲ့ အကျိုးစီးပွားများ ဟန်ချက်ညီစွာ ဆောင်ရွက်သွားကြပါလို့ တိုက်တွန်းပါတယ်”ဟု ပြောသည်။

PPST ၏ ယနေ့ ကျင်းပသည့် နှစ်ရက်တာ အစည်းအဝေးတွင် ရွှေ့ဆိုင်းလိုက်ရသည့် အာဆီယံ အထူးကိုယ်စားလှယ်၏ ပြည်တွင်းခရီးစဉ်၊ NCA-S EAO တစ်ဖွဲ့ချင်းစီအနေဖြင့် NCA (၆)နှစ်မြောက် နှစ်ပတ်လည် တွေ့ဆုံပွဲ တက်ရောက်ခြင်း၊ အကျဉ်းကျခံဆဲ- တရားရင်ဆိုင်နေဆဲ EAO များ၏ တပ်ဖွဲ့ဝင်များ လွှတ်ပေးခြင်း၊ သီတင်း ကျွတ်အခါသမယမှာ အကျဉ်းကျခံနေရသည့် အမှုရင်ဆိုင်နေရသော ပြည်သူလူထု ၅၆၀၀ ကျော်ကို လွတ်ငြိမ်း ချမ်းသာခွင့်ပေးခြင်း စသည့် ကိစ္စများအပေါ် PPST အနေနှင့်သုံးသပ် ဆွေးနွေးကာ ရှေ့လုပ်ငန်းစဉ်များ ဆောင်ရွက်သင့်သည်များကို ဆောင်ရွက်သွားရမည်ဟု ၎င်းက ဆိုသည်။

ထို့နောက် တပ်မတော်နှင့် နိုင်ငံရေးပါတီအချို့ တွေ့ဆုံပြီး ငြိမ်းချမ်းရေးနှင့် PR စနစ် ဆွေးနွေးခြင်း၊ ၂၈ ကြိမ် မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးမှာ မြန်မာနိုင်ငံ ကိုယ်စား လှယ်မပါဘဲ ကျင်းပသွားခြင်း၊ ချင်းပြည်နယ် ထန်တလန်မြို့ရှိ အိမ်ခြောက် ၂၀၀ ခန့်နှင့်ခရစ်ယာန် ဘုရားကျောင်း ၂ ကျောင်း မီးရှို့ဖျက်ဆီးခံရခြင်း၊ ကချင် ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များ- ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်များနှင့် NSPNC တွေ့ဆုံခဲ့ခြင်း စသည့် အရေးကိစ္စများကိုလည်း ဆွေးနွေးကာ ရှေ့ဆောင်ရွက်ရမည့် လုပ်ငန်းများ ချမှတ်ရမည်ဟု နိုင်အောင် မင်းက မိန့်ခွန်းမှာ ထည့်သွင်းပြောသွားခဲ့သည်။

PPST သည် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA)လက်မှတ်ထိုးထားသည့် ရှမ်းပြည်ပြန် လည် ထူထောင်ရေးကောင်စီ(RCSS)၊ ကရင်အမျိုးသားအစည်း အရုံး(KNU)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မ တော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေး ကောင်စီ(KNU/KNLA-PC)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက် တစ်တပ်ဦး(ABSDF)၊ ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီ(ALP)၊ ပအိုဝ်းအမျိုးသားလွတ် မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ လာဟူးဒီမိုကရက်တစ်အစည်းအရုံး(LDU) တို့ဖြစ်ကြသည်။