CNI International News
တိုင်ပေ၊ နိုဝင်ဘာ ၃
ဥရောပလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ နိုဝင်ဘာ ၃ ရက်(ယနေ့)၌ ထိုင်ဝမ်ကျွန်းပေါ်သို့ ပထမဆုံးအကြိမ်အဖြစ် လာရောက်ခြင်းအပေါ် ထိုင်ဝမ်အစိုးရက ကြိုဆိုလိုက်ပြီး တိုင်ပေနှင့်ဘေဂျင်းတို့အကြား တင်းမာမှု အရှိန်တက် နေချိန်တွင် ဥရောပနှင့် ပိုမိုခိုင်မာသော ဆက်ဆံရေးဆီသို့ ရွေ့လျားစေသည့် အရေးပါသော ခရီးစဉ် ဖြစ်ကြောင်း ပြောကြားလိုက်သည်ဟု ရိုက်တာသတင်းကိုကိုးကားလျက် Channel News Asia ဝက်ဘ်ဆိုက်က ရေးသား ဖော်ပြသည်။
တရုတ်အနေဖြင့် ၎င်း၏ပိုင်နက်အဖြစ် အတင်းအဓမ္မသိမ်းပိုက်မည့်အရေးကိစ္စအပေါ် အတိအလင်း ငြင်းဆို ထားသော ထိုင်ဝမ်သည် ပုပ်ရဟန်းမင်းကြီးနေထိုင်ရာ ဗီတီကန်စီးတီးမှလွဲ၍ ဥရောပနိုင်ငံများနှင့် တရားဝင် သံတမန်ဆက်ဆံရေးမှာ ယနေ့အထိ မရှိသေးပေ။ သို့သော် ဥရောပသမဂ္ဂ (EU) အုပ်စုဝင် ဒီမိုကရေစီနိုင်ငံများနှင့် ဆက်ဆံရေးနက်ရှိုင်းအောင် လုပ် ဆောင်ဖို့ ထိုင်ဝမ်က စိတ်အားထက်သန်နေသည်။
“ဒီကိုယ်စားလှယ်အဖွဲ့ဟာ သမိုင်းတလျှောက် ဥရောပလွှတ်တော်အနေနဲ့ ထိုင်ဝမ်ကို ပထမဆုံး တရားဝင် ကိုယ်စားလှယ်အဖွဲ့ စေလွှတ်လိုက်တာဖြစ်ပါတယ်။ ဒါဟာ အင်မတန်အရေး ကြီးပါတယ်” ဟု ထိုင်ဝမ် နိုင်ငံခြားရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။
အဆိုပါကိုယ်စားလှယ်အဖွဲ့ကို ဥရောပလွှတ်တော်အဖွဲ့ဝင် ပြင်သစ်အမတ် ရာဖေယယ်ဂလပ်စမန်း ဦးဆောင် လာခြင်းဖြစ်ပြီး မဟုတ်မမှန်လုပ်ကြံသတင်းများနှင့် ဆိုက်ဘာရာဇဝတ်မှုများအပါအဝင် ရှုပ်ထွေးစွာ ခြိမ်းခြောက် လျက်ရှိသည့်ကိစ္စရပ်များကို ထိုင်ဝမ်အစိုးရတာဝန်ရှိသူများနှင့် အမြင်ချင်းဖလှယ်သွားကြမည်ဟု ၎င်းဝန်ကြီးဌာန ထုတ်ပြန်ချက်ထဲတွင် ရေး သားထားသည်။
ယခု ၃ ရက်ကြာခရီးစဉ်သည် ဒီမိုကရေစီလုပ်ငန်းစဉ်များထဲတွင် ပြည်ပဝင်ရောက်စွက်ဖက်ဆိုင်ရာအရေးကိစ္စများ ထည့်သွင်းဆွေးနွေးသွားမည်ဟုလည်း ဆိုသည်။
“မိမိတို့အစိုးရအနေဖြင့် ဥရောပပါလီမန်ကိုယ်စားလှယ်အဖွဲနှင့်ဆွေးနွေးမှုများ၌ ပြည်ပဝင်ရောက်စွက်ဖက်မှု အပါအဝင် စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရာ၌ အတွေ့အကြုံများကို မျှဝေသွားမည်ဖြစ်ကြောင်း” ထိုင်ဝမ် သမ္မတရုံးက ကြေညာချက်တစ်စောင်တွင် ဖော်ပြထားသည်။
“၎င်း၏လူ့အဖွဲ့အစည်းတစ်ရပ်လုံးကို စည်းရုံးခြင်းနှင့် ဒီမိုကရေစီအပေါ် ကန့်သတ်မှုမရှိခြင်း၊ ခေတ်မီ ဆန်းပြား သော ထိုးနှက်တိုက်ခိုက်မှုများကို ရင်ဆိုင်နိုင်စွမ်းရှိခြင်းစသည်ဖြင့် ထိုင်ဝမ်၏အတွေ့အကြုံသည် ထူးခြားကြောင်း” ပြင်သစ်အမတ် ရာဖေယယ်ဂလပ်စမန်းက ထိုင်ဝမ်သို့ မထွက်မီ ထုတ်ဖော်ပြောကြားခဲ့သည်။
ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်သည် ၎င်းတို့ကျွန်းပေါ်ကို ဩဇာလွှမ်းမိုးရန် တရုတ်ကြိုးစားနေခြင်းကို သတိပေးခဲ့ပြီး လုံခြုံရေးအေဂျင်စီများ စိမ့်ဝင်နေခြင်းကိုလည်း တန်ပြန်ရန် တိုက် တွန်းထားသည်။
ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ဝူသည် ပြီးခဲ့သည့်လက ဥရောပသို့ ရှားရှားပါးပါး ခရီးစဉ်တစ်ခုအဖြစ် ရောက်ရှိခဲ့ပြီးနောက် ယခု EU လွှတ်တော်အမတ်များ ခရီးစဉ် အထမြောက်ခဲ့ခြင်းကြောင့် ဘေဂျင်းကို ဒေါသ ထွက်စေခဲ့သည်။