၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၅

ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ(FPNCC)အဖွဲ့ဝင်များဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးနိုင် ရန်အတွက် ပြည်ပ အိမ်နီးချင်းနိုင်ငံများဖြင့် ဆက်သွယ်ကာ ဆောင်ရွက်နေကြောင်း နစက သတင်းထုတ်ပြန် ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက CNI သတင်းဌာနသို့ ပြောသည်။

နစကသည် ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီ ၁ ရက်နေ့မှ စတင်ကာ နှေးကွေးသွားသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ပြန်လည် အား ကောင်းစွာ ဖော်ဆောင်နိုင်ရေးအတွက် လုပ်ငန်းစဉ် ၃ ရပ်ကို ချမှတ်ကာ ဆောင်ရွက်ရှိကြောင်း ထုတ်ပြန် ကြေညာထား သည်။

ဗိုလ်ချုပ် ဇော်မင်းထွန်းက “ငြိမ်းချမ်းရေးပေါ့၊ မြောက်ပိုင်းအဖွဲ့တွေနဲ့ ကျနော်တို့ ဆောင်ရွက်တဲ့အခါမှာ ပြည်ပပေါ့၊ ပြည်ပနဲ့ ပတ်သက်ပြီးလည်း တချို့ကိစ္စတွေက နယ်စပ်ဒေသတွေဖြစ်တဲ့အတွက် ပြည်ပနိုင်ငံပေါ့၊ မိတ်ဆွေ နိုင်ငံနဲ့ဆက်ဆံပြီး လုပ်ရ တဲ့ လုပ်ငန်းတွေရှိတယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့လည်း ကျနော်တို့ အနေနဲ့က တော့ သံတမန်များ အချင်းချင်း၊ နောက်ပြီးရင် နိုင်ငံကိုယ်စားလှယ်များ အချင်းချင်း ကျနော်တို့ ဆက်သွယ် ဆက်ဆံမှုတွေကို မပြတ်
ဆောင်ရွက်လျက် ရှိပါ တယ်၊ (တရုတ်နိုင်ငံနဲ့)ဒါတွေလည်း ကျနော်တို့ ဆက်သွယ် ဆောင်ရွက်လျက်ရှိပါတယ်ဗျ”ဟု CNI သတင်းဌာနသို့ ပြော သည်။

နစကသည် မြောက်ပိုင်းအဖွဲ့များဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးနိုင်ရန်အတွက် မိတ်ဆွေနိုင်ငံများဖြင့် သံတမန် နည်းလမ်းကနေ ဆက်သွယ် ဆောင်ရွက်နေသည်ဟုဆိုသော်လည်း မည်သည့် နိုင်ငံများဖြစ်သည်ကိုတော့ ထုတ်မပြောပေ။

ပုံ-ဗိုလ်ချုပ်ဇော်မင်းထွန်းကိုတွေ့ရစဉ်။

မြောက်ပိုင်းအဖွဲ့များခေါ် FPNCC အဖွဲ့ဝင်များဖြစ်သည့် “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၊ အမျိုးသား ဒီမိုကရေစီမဟာမိတ်တပ်မတော်(NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ကချင်လွတ်လပ်ရေး တပ်မတော်(KIA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ မြန်မာနိုင်ငံအမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA)၊ ရက္ခိုင့်တပ်တော်(AA)တို့သည် တရုတ်နယ်စပ် တစ်လျှောက်မှာ အခြေပြု လှုပ်ရှားလျက်ရှိကြသည်။

သို့သော် AA ကမူ တရုတ်နယ်စပ် အပြင် အိန္ဒိယနှင့်ဘင်္ဂလားဒေ့ရှ်နယ်စပ်များမှာလည်း အခြေပြုလှုပ်ရှားလျက်ရှိ နေသည်။

အဆိုပါ မြောက်ပိုင်းအဖွဲ့များနှင့် အစိုးရ၊ တပ်မတော်ကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုများကို မြန်မာနိုင်ငံဆိုင်ရာ တရုတ် အထူးကိုယ်စားလှယ် မစ္စတာဆွန်ကော်ရှန်က သံတမန်လမ်းကြောင်းကနေ မကြာခဏ ကြားဝင်ဆောင် ရွက်ပေးလေ့ရှိ သည်။

ထို့ပြင် ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့(PCG)ကနေလည်း မြောက်ပိုင်းအဖွဲ့များဖြင့် ငြိမ်းချမ်းရေး ဆွေးနွေး နိုင်ရေး အစိုးရ၊ တပ်မတော်တို့က ချိတ်ဆက်ကာ ဆောင်ရွက်မှုများလည်း ရှိကြောင်း သိရသည်။

ပုံ- မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များကိုတွေ့ရစဉ်။

နစကသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပြန်လည်အားကောင်းလာရန်အတွက် (၁) သက်ဆိုင်ရာ တိုင်းရင်းသား များ၊ သက်ဆိုင်သူများ ကိုယ်တိုင်ပါဝင်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကျိုးဆောင်နိုင်ရေးနှင့်မြှင့်တင်ရေး ဆောင်ရွက်ခြင်း၊ (၂) တပ်မတော်၏ ငြိမ်းချမ်းရေးဆွေးနွေးမှု ကော်မတီနှင့် EAO များ တိုက်ရိုက်ဆွေးနွေးခြင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် မြှင့်တင်ရေးအဖွဲ့များနှင့်ဆွေးနွေးခြင်း၊ (၃) NCA လက်မှတ်ရေးထိုးပြီးသည့် တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့အစည်း များနှင့် ငြိမ်းချမ်းရေးပိုမို ခိုင်မာအောင် ဆောင်ရွက်ခြင်း၊ NCA လက်မှတ် မထိုးရ သေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအား NCA လက်မှတ်ရေးထိုးနိုင်အောင် ရည်ရွယ် ပစ်ခတ် တိုက်ခိုက်မှု လျော့နည်းလာစေရေး၊ နှစ်ဖက် သဘောတူညီချက်များ ရရှိရေးများ ဆောာင်ရွက်ခြင်း စသည့် လုပ်ငန်းစဉ် ၃ ရပ်ကို ချမှတ်ကာ အကောင်အထည် ဖော် လျက်ရှိသည်။

NCA ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့ဖြစ် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)ကလည်း ဆွေးနွေးညှိနှိုင်းရေးကော်မတီဖွဲ့စည်းသွားမည်ဟု ထုတ်ပြန်ထားသည်။

PPST သည် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA)လက်မှတ်ထိုးထားသည့် ရှမ်းပြည်ပြန်လည် ထူ ထောင်ရေး ကောင်စီ(RCSS)၊ ကရင်အမျိုးသားအစည်း အရုံး(KNU)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မ တော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက် တစ်တပ်ဦး(ABSDF)၊ ရခိုင်ပြည်နယ် လွတ်မြောက်ရေးပါတီ(ALP)၊ ပအိုဝ်းအမျိုးသားလွတ် မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ လာဟူး ဒီမိုကရက်တစ်အစည်းအရုံး(LDU) တို့ဖြစ်ကြသည်။

လက်ရှိမှာတော့ NCA ထိုးထားသည့် လက်နက်ကိုင် ၁၀ ဖွဲ့နှင့် နစကကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုများ နှေးကွေးနေသလို NCA မထိုးရသေးသည့် FPNCC အဖွဲ့ဝင်များနှင့်လည်း ငြိမ်းချမ်းရေး ဆွေးနွေးမှုများ မရှိဘဲ ရပ်တန့်နေသေးသည်။