လစ္စဘွန်း၊ နိုဝင်ဘာ ၅

ပေါ်တူဂီနိုင်ငံ၏ လူနည်းစုဆိုရှယ်လစ်အစိုးရ၏ ၂၀၂၂ ခုနှစ်အတွက် ဘတ်ဂျက်ဥပဒေမူကြမ်းကို ပြီးခဲ့သည့် သီတင်းပတ်က လွှတ်တော်က ပယ်ချလိုက်ပြီးနောက် သမ္မတ မာစီလို ရီဘယ်လို ဒီဆွာစာ(Marcelo Rebelo de Sousa)က လာမည့် ဇန်နဝါရီ ၃၀ ရက်ထက် နောက်မကျစေဘဲ အထွေထွေရွေးကောက်ပွဲကို အမြန်ဆုံး ကျင်းပပေးရန် တောင်းဆိုခဲ့ကြောင်း အယ်လ်ဂျာဇီး ယား သတင်းဌာနက ရေးသားဖော်ပြသည်။

“ဒီလိုအခိုက်အတန့်မျိုးမှာ ပြည်သူတွေကို စကားပြန်ပြောဖို့ရာက ရုပ်ရှင်(ဒရမ်မာ)ကွက်ခင်းတာမျိုး (ဒါမှမဟုတ်) ကြောက်နေ တာမျိုးတွေ မလိုဘဲ ဒီမိုကရေစီအရေး အဖြေရှာဖို့ အမြဲတမ်းအသင့်ရှိပါတယ်”ဟု သမ္မတက နိုဝင်ဘာ ၄ ရက်နေ့ ရုပ်သံ မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသွားခဲ့သည်။

အစောပိုင်းက ကောက်ယူခဲ့သော ရွေးကောက်ပွဲဆိုင်ရာ စစ်တမ်းကောက်ယူမှုတစ်ခုတွင် ဖြေဆိုသူ ၈၀၃ ဦး၏ ၅၄ ရာခိုင်နှုန်း က ရုတ်ချည်း ရွေးကောက်ပွဲ ကျင်းပပေးခြင်းသည် တိုင်းပြည်အတွက် ဆိုးရွားလာစေမည်ဟု ထင်မြင်ကြသည်။ ကျန်သည့် ၆၈ ရာခိုင်နှုန်းကတော့ လွှတ်တော်ထဲတွင် မည်သည့်ပါတီကမှ အမတ်နေရာအများစု နိုင်မည်မဟုတ်ဟု ယုံကြည်ထားကြကြောင်း ဆိုသည်။

လွှတ်တော်က ဘတ်ဂျက်ဥပဒေမူကြမ်းကို ပယ်ချလိုက်ပြီးနောက် သမ္မတ ရီဘယ်လိုဒီဆွာစာ၏ အတိုင်ပင်ခံအဖွဲ့ဖြစ်သော နိုင်ငံတော်ကောင်စီသည် လွှတ်တော်ကို ဖျက်သိမ်းရန် အဆိုပြုချက်ကို နိုဝင်ဘာ ၃ ရက်က အတည်ပြုခဲ့ခြင်းအားဖြင့် ၆ နှစ် တိုင်တိုင် ပေါ်တူဂီနိုင်ငံရေး တည်ငြိမ်နေခဲ့ခြင်းကို အဆုံးသတ်စေခဲ့ပြီး လှုပ်လှုပ်ခတ်ခတ် ဖြစ်ပေါ်လာစေခဲ့သည်။

ပုံ-၂၀၁၉ ရွေးကောက်ပွဲ မဲထည့်နေသည့် ပေါ်တူဂီနိုင်ငံသား။(ရိုက်တာ)

“အထူးသဖြင့် ကပ်ရောဂါ အခြေအနေကြောင့် အနည်းနဲ့အများတော့ ကျနော်တို့နိုင်ငံရေး တော်တော်လေး တည်ငြိမ်ခဲ့တယ် လို့ ပြောရမှာပါ” ဟု မြို့တော်လစ္စဘွန်းတွင် နေထိုင်သူ အသက် ၆၆ နှစ်အရွယ်ရှိ အငြိမ်းစား ဝန်ထမ်းတစ်ဦးဖြစ်သူ လီယွန် နယ်ပါရီရာက နိုဝင်ဘာ ၄ ရက် နံနက်ပိုင်းက ရိုက်တာသတင်းဌာနသို့ ပြောသည်။

“ဒီအတိုင်း ဆက်သွားတာက ကျနော်တို့အတွက် ပိုကောင်းလိမ့်မယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ရွေးကောက်ပွဲကြေညာလိုက်ခြင်းသည် မလိုလားအပ်သော မကောင်းဆိုးဝါး တစ်ကောင်သာဖြစ်ကြောင်း အသက် ၅၁ နှစ် အရွယ်ရှိ မာတာအေမာရယ်က စွပ်စွဲလိုက်သည်။ “မကောင်းပါဘူး။ ဒါပေမယ့် ဒီပြင်နည်းလမ်းလည်း မရှိဘူး” ဟု ၎င်းက ရင်ဖွင့်သည်။

ပါတီတစ်ခုတည်း (သို့မဟုတ်) လူကြိုက်များသော မဟာမိတ်ပါတီ အစုအဖွဲ့အနေဖြင့် မဲအများစုကို တည်ငြိမ်စွာရရှိရန် အလားအလာမရှိကြောင်း ပေါ်တူဂီ လူထုစစ်တမ်းများက ပြသနေသောကြောင့် မဲရလဒ်တစ်ခုတည်းဖြင့် နိုင်ငံရေး အကျပ် အတည်းကို ဖြေရှင်းနိုင်မည် မဟုတ်ပေ။

၂၀၁၉ ခုနှစ်ရွေးကောက်ပွဲတွင် လက်ဝဲယိမ်း ဆိုရှယ်လစ်များက မဲစုစုပေါင်း၏ ၃၆ ရာခိုင်နှုန်းဖြင့် အနိုင်ရခဲ့သော်လည်း ယခု အခါ ၎င်းတို့ကို လူထုထောက်ခံမှု အနည်းငယ်အပြောင်း အလဲ ရှိနေကြောင်း၊ လက်ယာယိမ်း ဆိုရှယ် ဒီမိုကရက် အုပ်စုများ ကတော့ ၂၀၁၉ ခုနှစ်က မဲ ၂၇ ရာခိုင်နှုန်းဖြင့် ဒုတိယနေရာ ရရှိခဲ့ကြောင်း သိရသည်။

ကပ်ရောဂါဖြစ်ပွားမှုကြောင့် အထိနာနေသော ပေါ်တူဂီစီးပွားကို ပြန်လည်အားဖြည့်ရန် ဥရောပသမဂ္ဂထံမှ အကူအညီ ယူရို ၄၅ ဘီလီယံ (ဒေါ်လာ ၅၂ ဘီလီယံ) စတင်အသုံးပြုရန် မျှော်မှန်းထားသောကြောင့် လူဦးရေ ၁၀ ဒသမ ၃ သန်းရှိသော နိုင်ငံ အတွက် ယခုလာမည့် ရွေးကောက်ပွဲသည် ထိလွယ်ရှလွယ် အခြေအနေသို့ ဆိုက်ရောက်လာနိုင်စရာ ရှိနေသည်။

လွှတ်တော်ထဲတွင် အမတ်နေရာ ၂၃၀ အတွက် မဲပေးရွေးချယ်မည်ဖြစ်ပြီး အစိုးရဖွဲ့နိုင်မည့်သူကို အဆိုတင်သွင်းရမည် ဖြစ် သည်။ လုပ်ထုံးလုပ်နည်း လိုအပ်ချက်တစ်ခုကြောင့် နိုင်ငံတော်ဘတ်ဂျက် အဆိုပြုချက်အသစ်သည် လာမည့်နှစ် ဧပြီလအထိ လွှတ်တော်ထဲသို့ ရောက်လာမည်မဟုတ်ကြောင်း အယ်လ်ဂျာဇီးယားသတင်းအရ သိရသည်။