CNI International News

တီဟီရန်၊ နိုဝင်ဘာ ၅

၁၉၇၉ ခုနှစ်က အီရန်နိုင်ငံရှိ အမေရိကန်သံရုံးကို သိမ်းပိုက်မှု နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် အီရန်နိုင်ငံသားများ ထောင်နှင့်ချီ၍ တီဟီရန်မြို့တော်လမ်းပေါ်သို့ ထွက်လာကြပြီး “အမေရိကန်ကို သတ်ပစ်”၊ “အစ္စရေးကို သတ်ပစ်” ဟု ကြွေးကြော်အော်ဟစ်ခဲ့ကြကာ အမေရိကန်နှင့် အစ္စရေးအလံများကို မီးတင်ရှို့ခဲ့ကြကြောင်း အေပီသတင်းက ဖော်ပြထား သည်။

အဆိုပါ သံရုံးသိမ်းယူမှု ဖြစ်စဉ်ကြောင့် ရက်ပေါင်း ၄၄၄ ရက်ကြာ ဓားစာခံ အကျပ်အတည်း ဖြစ်ပေါ်စေခဲ့ပြီး ယနေ့အထိ အီရန်-အမေရိကန် သံတမန်ဆက်ဆံရေး ပြတ်တောက်သွားခဲ့သည်။

အနောက်တိုင်း ဆန့်ကျင်ရေး စိတ်ဓာတ်များ ထုတ်ဖော်ရန် ရည်ရွယ်လျက် အစိုးရက စီစဉ်သည့် အဆိုပါ အထိမ်းအမှတ်ပွဲ သည် ဒေါသထွက်နေသော လူအုပ်ကြီး ထွက်ပေါ်လာစေရေး နှစ်စဉ်ဆွဲဆောင်လေ့ရှိသည်။

ယမန်နှစ် ကိုရိုနာဗိုင်းရပ်စ်ကြောင့် အဆိုပါပွဲကို အီရန်အာဏာပိုင်များက ဖျက်သိမ်းခဲ့သည်။

နိုဝင်ဘာ ၄ ရက်တွင် အီရန်နိုင်ငံတစ်ဝန်းရှိ မြို့ပေါင်း ၈၀၀ တွင် ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြောင်း အစိုးရရုပ်သံလိုင်းမှ ထုတ်လွှင့် ခဲ့သည်။

ပုံ- “အမေရိကန်ကို သတ်ပစ်”၊ “အစ္စရေးကို သတ်ပစ်”ဟု အီရန်နိုင်ငံသားများ ကြွေးကြော်နေကြစဉ်။(AP)

ဆန္ဒပြသူများသည် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် အရုပ်ပေါ်၌ ဂျူးများကို ရည်ညွှန်းသည့် ဒါဝိတ်ခြောက်ထောင့်ကြယ် (Star of David) ပုံရိုက်နှိပ်ထားသောတီရှပ်ဝတ်ဆင်ပေးပြီး ဘိုင်ဒန်ပါးစပ်မှ သွေးများယိုစီးနေပုံကို သရုပ်ဖော်ပြသခဲ့ကြသည်။

ပြီးခဲ့သည့် ၂ နှစ်ကလည်း အလားတူ ဆန္ဒပြပွဲ၌ သမ္မတဟောင်း ဒေါ်နယ်ထရမ့်ပုံကို အီရန်ဆန္ဒပြသူများက သရုပ်ဖော်ခဲ့ကြ သည်။

လူစုလူဝေးရှေ့၌ ပြောကြားသည့် မိန့်ခွန်းထဲတွင် တော်လှန်ရေး အရန်တပ်၏ အကြီးအကဲ ဗိုလ်ချုပ်ကြီး ဟူစိန်စာလာမီက “အမေရိကန်ပြည်ထောင်စုကို အာဏာရှင် ထုတ်လုပ်သည့်စက်ရုံ” အဖြစ် ရှုတ်ချခဲ့ပြီး မိမိတို့ဒေသတွင်း၌ အမေရိကန်၏ ရန်လိုမှုကို ရည်ညွှန်း ပြောကြားခဲ့သည်။

အီရန်နိုင်ငံ၏ အလွန်ရှေးရိုးစွဲ သမ္မတ အီဘရာဟမ်ရိုင်စီကို ရွေးကောက်တင်မြှောက်သည့် ရွေးကောက်ပွဲ ကျင်းပပြီး နောက် ပိုင်း မကြာသေးမီ ကာလများအတွင်း အမေရိကန်နှင့်အီရန်တို့အကြား ယခင်ကတည်းက ရှိခဲ့ဖူးသော တင်းမာမှုများ တဖန် ဖြစ်ပွားလာခဲ့ပြန်သည်။

အီဘရာဟမ်ရိုင်စီ လက်ထက်တွင် တီဟီရန်၏ ယခင်က ပျက်ပြားခဲ့သော ၂၀၁၅ နျူးကလီးယား သဘောတူညီချက်ကို ပြန် လည် အသက်သွင်းရန်အတွက် ကမ္ဘာ့အင်အားကြီး နိုင်ငံများနှင့် စေ့စပ်ညှိနှိုင်းနေမှုများ ရပ်တန့်သွားခဲ့သည်။

အီရန်သည် တစ်ချိန်တည်းတွင် နျူးကလီးယား မြှင့်တင်ရေးအရှိန် ကောင်းလာနေပြီး လက်နက် ထုတ်လုပ်နိုင်သည့် အဆင့် အထိ ယူရေနီယံ အမြောက်အမြားကို ယခင်ကထက်ပင် ပိုမိုနီးကပ်စွာ ဖြည့်တင်းပေးနေသည်။ သို့သော် ၎င်း၏ နျူးကလီးယား စက်ရုံနေရာများကို နိုင်ငံတကာ စစ်ဆေးရေးများ ဝင်ရောက်မှုကို ဟန့်တားလျက်ရှိသည်။