CNI International News

မော်စကို၊ မတ်လ ၂

ယူကရိန်းအတွက် အနောက်နိုင်ငံများ၏ အကူအညီများ ပေးအပ်မှုနှင့်ပတ်သက်ပြီး ပြင်သစ်သမ္မတ မက်ခရွန် (Emmanuel Macron) နှင့် ဂျာမနီဝန်ကြီးချုပ် အိုလက်ဖ်ရှောဇ် (Olaf Scholz) တို့အကြား သဘောထား ကွဲလွဲမှုသည် ပိုမိုနက်ရှိုင်းလာခဲ့သည်ဟု ဂျာမန်နိုင်ငံရေးကျွမ်းကျင်သူနှင့် လွတ်လပ်သည့် ဂျာနယ်လစ်တစ်ဦး ဖြစ်သည့် ဒေါက်တာ ဂရီဂေါ စပစ်ဇန် (Gregor Spitzen) က ပြောကြားခဲ့သည်ဟု Sputnik မှ ဖော်ပြခဲ့သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အနောက်နိုင်ငံများမှ မီဒီယာများသည် မက်ခရွန်နှင့် ရှောဇ်တို့အကြား သဘောထား ချင်း မတိုက်ဆိုင်မှုများကို ဖော်ပြခဲ့ကြသည်။

မက်ခရွန်က ယူကရိန်းသို့ ဥရောပသမဂ္ဂ (EU) ၏ စစ်သားများစေလွှတ်မည့် အစီအစဉ်ကို စာရင်းမှ ဖယ်ထုတ်ရန် ငြင်းဆိုခဲ့ပြီးနောက် ရှောဇ်က ထိုအိုင်ဒီယာကို ပယ်ချခဲ့ပြီး ယူကရိန်းတွင် ဥရောပသမဂ္ဂ သို့မဟုတ် နေတိုးတပ်ဖွဲ့ ဝင်များ ရှိလာလိမ့်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

“မက်ခရွန်နဲ့ ရှောဇ်ကြားမှာ သဘောထား မတိုက်ဆိုင်မှုတွေ အကြာကြီးရှိခဲ့တာ သေချာပါတယ်။ သူတို့နှစ်ဦးကြား က ပြဿနာဟာ ယူကရိန်းကို ကူညီပေးရေး ကိစ္စနဲ့ပတ်သက်ပြီး လက်ရှိ သဘောထား ကွဲလွဲနေတဲ့ အခြေအနေကို ပိုဆိုးစေပါတယ်”ဟု ဒေါက်တာ စပစ်ဇန်က ပြောကြားခဲ့သည်။

ထို့ပြင် ယူကရိန်းသို့ နေတိုးမြေပြင် တပ်ဖွဲ့များ စေလွှတ်လိုသည့် ပြင်သစ်၏ အစီအစဉ်သည် မက်ခရွန်အား မိုက်မဲ သူဖြစ်ကြောင်း ပြသရာရောက်ခဲ့ပြီး ထိုအစီအစဉ်ကို ရုရှားဆန့်ကျင်သည့် နေတိုး၏ အဓိက အင်အားကြီး နိုင်ငံများ ဖြစ်သည့် ဗြိတိန်နှင့် ပိုလန်တို့ကပင် ထောက်ခံခဲ့ခြင်းမရှိကြောင်း ၎င်းက ဆိုသည်။

အမေရိကန်ကလည်း မက်ခရွန်၏ အိုင်ဒီယာကို အကောင်းမမြင်ကြောင်း စပစ်ဇန်က ပြောကြားခဲ့သည်။

ပြင်သစ်၏ ပြည်ပတပ်ဖွဲ့မှ လုပ်အားပေးစစ်သားများသည် ယူကရိန်းတွင် တိုက်ပွဲဝင်နေပြီး သေဆုံးနေချိန်တွင် ဥရောပနိုင်ငံများမှ စစ်သားများသည် ရန်သူများကို မမြင်ရဘဲ ရော့ကတ်များဖြင့် တိုက်ခိုက်ခံနေရသည့် ခေတ်သစ် စစ်ဆင်ရေးတွင် ပါဝင်တိုက်ခိုက်လိုစိတ် မရှိကြကြောင်းလည်း ၎င်းက ဆိုသည်။

အနောက်နိုင်ငံများ၏ လက်နက်များသည် ယူကရိန်းသို့ ရောက်ရှိလာမည်ဖြစ်သော်လည်း အဆုံးသတ်တွင် ယူကရိန်းသည် စစ်ရှုံးသည့် အခြေအနေကို အနောက်နိုင်ငံများက မြင်တွေ့ရလိမ့်မည်ဖြစ်ပြီး ငြိမ်းချမ်းရေးယူရန် ယူကရိန်းကို တောင်းဆိုလိမ့်မည်ဟု စပစ်ဇန်က ပြောကြားခဲ့သည်။

နေတိုးအဖွဲ့အနေနှင့် ယူကရိန်းသို့ စစ်သားများ စေလွှတ်မည်ဆိုပါက နျူကလီးယားစစ်ပွဲ ဖြစ်ပွားမည့် အန္တရာယ် များ မြင့်တက်လာလိမ့်မည်ဖြစ်ကြောင်း ရုရှားသမ္မတ ပူတင် (Vladimir Putin) က သတိပေးခဲ့ပြီးနောက် စပစ်ဇန်၏ မှတ်ချက်စကားများ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

Source: Sputnik