CNI International News

တိုကျို၊ မတ်လ ၂

ဂျပန်၏ကာကွယ်ရေးတပ်ဖွဲ့ (SDF)သည် ၎င်းတို့၏ သက်တမ်းကြာမြင့်နေပြီဖြစ်သည့် လေယာဉ်များနှင့် ရဟတ် ယာဉ်များနေရာတွင် ခေတ်မီမောင်းသူမဲ့ လေယာဉ်များဖြင့် အစားထိုးရန် စီစဉ်နေသည်ဟု Japan Times မှ ဖော်ပြခဲ့သည်။

ယခုနှစ်အတွင်း စင်္ကာပူနိုင်ငံတွင် ပြုလုပ်ခဲ့သည့် လေကြောင်းပြပွဲတွင် လက်နက်ခဲယမ်းများ၊ အာရုံခံ ကိရိယာများ တပ်ဆင်ထားသည့် ဒရုန်းဟု လူသိများသည့် နည်းပညာမြင့် မောင်းသူမဲ့လေယာဉ် (UAV) များကို ပြသခဲ့ပြီးနောက်  ဂျပန်လေတပ်ကို အဆင့်မြှင့်တင်ရန် စီစဉ်လာခြင်း ဖြစ်သည်။

ယခုသီတင်းပတ်အတွင်း ပြီးဆုံးသွားခဲ့သည့် စင်္ကာပူလေကြောင်းပြပွဲတွင် မောင်းသူမဲ့စနစ်များအပေါ် နိုင်ငံတကာ ၏ ဝယ်လိုအား မြင့်တက်နေမှုကို မီးမောင်းထိုးပြသရာ ရောက်ခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ယူကရိန်းစစ်ပွဲတွင် မောင်းသူမဲ့လေယာဉ်များ သို့မဟုတ် ဒရုန်းများသည် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်နေသည်ကို နိုင်ငံတကာက မြင်တွေ့ခဲ့ရပြီး မျက်မှောက်ခေတ် စစ်တပ်များသည် လူသားများ အသုံးပြုမှုကို လျှော့ချနိုင်သော ထိုမောင်းသူမဲ့စနစ်များကို မှီခိုအားထားလာကြသည်။

ဒရုန်းများသည် စစ်ပွဲအခြေအနေကို ပြောင်းလဲနိုင်စွမ်းရှိသည့်အပေါ် ဂျပန်ကာကွယ်ရေး အသိုင်းအဝိုင်းက ကောင်းစွာ သိရှိနားလည်ထားသဖြင့် ဒေသတွင်း လုံခြုံရေးအခြေအနေ တင်းမာနေချိန်တွင် လေကြောင်းနှင့် ရေကြောင်း၌ အသာစီးရနိုင်ရန် SDF က မောင်းသူမဲ့စနစ်များ၏ ကြီးမားသည့် အခန်းကဏ္ဍကို မျှော်မှန်းတွေးဆ လျက်ရှိသည်။

ထို့ကြောင့် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၂၂ ရက်က ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနနှင့် အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနတို့သည် ဂျပန်၏ မျိုးဆက်သစ် တိုက်လေယာဉ်နှင့်အတူ ပူးတွဲအသုံးပြုမည့် AI နည်းပညာအခြေပြု ဒရုန်းများကို ထုတ်လုပ်ရန် သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့သည်။

ထို့ပြင် ဒီဇင်ဘာ ၁၄ ရက်ကလည်း ဂျပန်၊ ဗြိတိန်နှင့် အီတလီတို့သည် ကမ္ဘာလုံးဆိုင်ရာ ဝေဟင် တိုက်ပွဲဝင် အစီအစဉ် (GCAP) စာချုပ်ကို ချုပ်ဆိုခဲ့ကြပြီး ၂၀၃၅ ခုနှစ်တွင် မျိုးဆက်သစ် တိုက်လေယာဉ်ကို ဒီဇိုင်းရေးဆွဲ ရန်နှင့် ထုတ်လုပ်ရန် သဘောတူခဲ့ကြသည်။

ဂျပန်အစိုးရသည် တရုတ်၏ မြင့်တက်နေသည့် စစ်ရေးလှုပ်ရှားမှုများကို တန်ပြန်ရန်အတွက် ပင်လယ်ရေကြောင်း လုံခြုံရေးကို တိုးမြှင့်ရန် မောင်းသူမဲ့ ရေအောက်ဒရုန်းများ ထုတ်လုပ်မှုကိုလည်း တိုးမြှင့်သွားမည်ဟု ပြီးခဲ့သည့်နှစ် အတွင်း ပြောကြားခဲ့သည်။

ဂျပန်နှင့် တရုတ်သည် ဂျပန်က ထိန်းချုပ်ထားသည့် ဆန်ကာကူကျွန်းစု (Senkaku Islands) ပိုင်ဆိုင်မှုနှင့် ပတ်သက်ပြီး ကာလကြာရှည် ထိပ်တိုက်တွေ့ခဲ့ကြပြီး တရုတ်ကမူ ထိုကျွန်းစုကို တျောင်ယွီ (Diaoyu) ကျွန်းစုဟု သတ်မှတ်ခေါ်ဆိုခဲ့သည်။

Source: Japan Times