ဘူဒါပတ်စ်၊အောက်တိုဘာ ၂၄
ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘင်နှင့် ၎င်း၏လက်ယာယိမ်းအစိုးရကို ထောက်ခံသူများသည် ထောင်နှင့်ချီသော လူစုလူဝေးပြုလုပ်၍ အောက်တိုဘာ ၂၃ ရက်က ဘူဒါပတ်စ်မြို့တော်တွင် စုဝေးချီတက်ခဲ့ကြသည်။
အဆိုပါ စုဝေးချီတက်မှုသည် ဟန်ဂေရီနှင့်ဥရောပသမဂ္ဂအတွင်း ဗစ်တာအော်ဒါ၏ အာဏာကို စိန်ခေါ်နေသည့် မူဝါဒ နောက်ကွယ်မှ စည်းလုံးညီညွတ်မှုကို ဖော်ထုတ်ပြသခြင်း ဖြစ် ကြောင်း အေပီ သတင်းဌာနက ရေးသားဖော်ပြသည်။
“ငြိမ်းချမ်းစွာ ချီတက်မှု” ဟု အမည်ပေးထားသော အဆိုပါ လှုပ်ရှားမှုတွင် ပါဝင်သူများသည် ဒင်းညုမြစ် အနောက်ဘက် ကမ်းတွင် စတင်စုဝေးလျက် လစ်ဘာတီတံတားနှင့် ဘူဒါပတ်စ်မြို့လယ်ကောင်တို့ကို ဖြတ်သန်းကာ ဝန်ကြီးချုပ် မိန့်ခွန်း ပြောမည့်နေရာသို့ ဦးတည်ချီတက်ခဲ့ကြသည်။
လာမည့်နွေဦးတွင် ကျင်းပမည့် အမျိုးသားရွေးကောက်ပွဲတွင် ဝန်ကြီးချုပ်အော်ဘင် ရှုံးနိမ့်ပါက ဟန်ဂေရီပြည်သူများ မျှော်လင့်ချက် ကင်းမဲ့သွားမည့်ပုံကို ယခုချီတက်ပွဲတွင် သရုပ်ပြခဲ့ကြသည်။ အော်ဘင်သည် ၂၀၁၀ ပြည့်နှစ်က စတင် အာဏာရလာပြီးနောက် လာမည့်ရွေးကောက်ပွဲသည် ၎င်း၏အာဏာအတွက် အဆိုးရွားဆုံး စိန်ခေါ်မှုဖြစ်လာမည်ဟု မှန်းဆရသည်။
ပုံ-ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘင်ကို ထောက်ခံကြောင်း စုဝေးချီတက်ကြ။(AP)
အော်ဘင်သည် ၎င်းအစိုးရ၏ စီးပွားရေး အောင်မြင်မှုများကို ထုတ်ပြခဲ့ပြီး ယခင်ဆိုရှယ်လစ်အစိုးရလက်ထက်က တိုင်းပြည်ငွေကြေးစနစ် ပျက်စီးခဲ့သည့်အကြောင်း အပြစ်ပုံချခဲ့သည်။
“ဘယ်တောင်ပံ ပျက်စီးတာကို ပြုပြင်ရတာ နှစ်နဲ့ချီပြီး ကြာခဲ့ပါတယ်။ ဆိုရှယ်လစ်တွေနဲ့ သူတို့ခေါင်းဆောင်တွေက ကျနော် တို့ကို ခေါင်းပုံဖြတ်ဖို့ အခုထိ ကျနော်တို့ရဲ့ လည်ပင်းနားမှာ ရစ်ဝဲနေတုန်းပါ” ဟု အော်ဘင်က ပြောကြားခဲ့သည်။
အော်ဘင်၏ ဖီဒက်ပါတီ မူဝါဒများအပေါ် ထောက်ခံမှုပေးသည့် အရပ်ဘက် စည်းလုံးရေးဖိုရမ်(Civil Unity Forum) မှ ယခု ချီတက်ပွဲကို စီစဉ်ခဲ့ခြင်း ဖြစ်သည်။ အော်ဘင်၏ပါတီသည် ၂၀၁၀ ပြည့်နှစ်ကတည်းက ဟန်ဂေရီ လွှတ်တော်၏ အမတ် နေရာ စုစုပေါင်း သုံးပုံနှစ်ပုံကို လွှမ်းမိုးထားနိုင်ခဲ့သည်။
ပြည်တွင်း၌ ဟန်ဂေရီ၏ အကြီးဆုံး အတိုက်အခံ ၆ ပါတီတို့က ၎င်းတို့ အယူဝါဒ ကွဲပြားမှုများကို ခဏဘေးချိတ်၍ လာမည့် ရွေးကောက်ပွဲ၌ အော်ဘင်၏ပါတီကို စိန်ခေါ်ရန် ညွန့်ပေါင်းအဖွဲ့ဖွဲ့စည်းရန် ကတိပြုထားကြသည်။