အစ္စတန်ဘူ၊အောက်တိုဘာ ၂၄
အကျဉ်းကျခံနေရသော ပရဟိတသမားတစ်ဦးကို ပြန်လွှတ်ပေးရန် တောင်းဆိုကြသည့် နိုင်ငံခြားသံတမန် ၁၀ ဦးကို ပြည်တွင်းမှ ဖယ်ရှားရန် တူရကီသမ္မတ အာဒိုဂန်က အောက် တိုဘာ ၂၃ ရက်တွင် အမိန့်ပေးလိုက်ကြောင်း အေပီ သတင်း တစ်ပုဒ်တွင် တွေ့ရသည်။
အန်ကာရာမြို့ရှိ အမေရိကန်၊ ပြင်သစ်နှင့် ဂျာမန်သံတမန်များသည် ယခုလ အစောပိုင်းတွင် ထောင်ကျနေသည့် စီးပွားရေး သမားနှင့်ပရဟိတသမား အိုစမန်ကာဗာလာ အမှုကို အပြီး သတ် စီရင်ချက်ချရန်နှင့် ၎င်းကို ပြန်လွှတ်ပေးရန် ကြေညာချက် တစ်စောင် ပူးတွဲထုတ်ပြန်တောင်းဆိုခဲ့သည်။ ၎င်းသည် ၂၀၁၇ ခုနှစ်
ကတည်းက ထောင်ဒဏ်ကျခံနေရခြင်း ဖြစ်သည်။
ထိုပူးတွဲ ကြေညာချက်သည် မရိုးမသား ဖော်ပြခြင်းသာဖြစ်ကြောင်း၊ ကြေညာချက် ထုတ်ပြန်သည့် သံတမန်များသည် မိမိတို့ အတွက် မလိုလားအပ်ကြောင်း တိုင်းပြည်သို့ အသိပေးရန် အာဒိုဂန်က အမိန့်ပေးခဲ့သည်။
“ကျနော်တို့ရဲ့နိုင်ငံခြားရေးဝန်ကြီးကို ကျနော် ညွှန်ကြားပြီးပါပြီ။ ဒီသံတမန် ၁၀ ဦးရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကြေညာချက်ကို ချက်ချင်း ကိုင်တွယ်သွားမှာပါ” ဟု အာဒိုဂန်က တူရကီအ နောက်ပိုင်း အက်စကီရှီယာမြို့တွင် ကျင်းပသည့် လူထုအစည်း အဝေးတွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ပုံ-ဖမ်းဆီးခံထားရသည့် အိုစမန်ကာဗာလာကိုတွေ့ရစဉ်။
“သူတို့အနေနဲ့ တူရကီကို အသိအမှတ်ပြု နားလည်ဖို့ ကောင်းပါတယ်။ အသိအမှတ်မပြု၊ နားမလည်ပေးတဲ့ တစ်နေ့မှာတော့ ဒီကနေ သူတို့ထွက်သွားကြပေါ့ဗျာ။ ဒါပဲရှိတာပဲ” ဟု အာဒိုဂန်က ပြောကြားခဲ့သည်။
တူရကီနိုင်ငံခြားရေးဝန်ကြီးဌာနက ပြည်တွင်းရှိ နယ်သာလန်၊ ကနေဒါ၊ ဒိန်းမတ်၊ ဆွီဒင်၊ ဖင်လန်၊ နော်ဝေနှင့် နယူးဇီလန်တို့မှ သံတမန်များကိုလည်း နိုင်ငံခြားရေးဝန်ကြီးရုံးသို့ အောက် တိုဘာ ၁၉ ရက်က ဆင့်ခေါ်ခဲ့သည်။
ယခု တူရကီအစိုးရဘက်မှ သံတမန်ရေးအရ တုံ့ပြန်ချက်သည် ပုဂ္ဂိုလ်ရေးအရ မကျေလည်၍ ၎င်းတို့(နိုင်ငံခြားသံတမန်များ) လက်ရှိနေထိုင်သည့် အိမ်ရှင်နိုင်ငံ(တူရကီနိုင်ငံ)၌ ဆက် လက် နေထိုင်ခွင့်ကို ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။
အသက် ၆၄ နှစ်ရှိ ပရဟိတသမား ကာဗာလာသည် ၂၀၁၃ ခုနှစ် တစ်နိုင်ငံလုံးအစိုးရ ဆန့်ကျင်ဆန္ဒပြမှုများနှင့် ဆက်နွှယ်သော စွဲချက်များဖြင့် ပြစ်ဒဏ်ကျခံ နေခဲ့ရသော်လည်း ပြီးခဲ့သည့်နှစ်က လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပြီး စွဲချက်အချို့ကို ဖြေလျော့ ပယ်ဖျက်ပေးခဲ့ပြီး ဖြစ်သည်။