၂၀၂၁ ခုနှစ်၊အောက်တိုဘာ ၂၄

အချို့နိုင်ငံများနှင့်အဖွဲ့အစည်းများ၏ အဟန့်အတား၊ အနှောင့်အယှက်များကြားမှ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့်လုံခြုံရေး ကို ထိန်းသိမ်းစောင့်ရှောက်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်က ပြောသည်။

(၇၆)ကြိမ်မြောက် ကုလသမဂ္ဂနှစ်ပတ်လည်နေ့သို့ နစကဥက္ကဋ္ဌ ပေးပို့သည့် သဝဏ်လွှာထဲမှာ အထက်ပါအတိုင်း ပြောကြား ထားခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “မြန်မာနိုင်ငံအနေဖြင့် ကပ်ရောဂါ၏ အကျိုးဆက်များကို ခံဏားနေရသည့် ပြည်သူလူ ထုအတွက် အသက်ကယ်ဆယ်ရေးလုပ်ငန်းများ လွယ်ကူချောမောစေရန် ကြိုးပမ်းဆောင်ရွက်နေသကဲ့သို့ တစ်ဖက်တွင် လည်း အချို့နိုင်ငံများနှင့် အဖွဲ့အစည်းများ၏ အဟန့်အတား၊ အနှောင့်အယှက်များကြားမှ မြန်မာနိုင်ငံအား မူလ အခြေ အနေနှင့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ပြန်လည် ရောက်ရှိ စေရန် နိုင်ငံ့ငြိမ်းချမ်းရေးနှင့်လုံခြုံရေးကို ထိန်း သိမ်း စောင့်ရှောက်လျက်ရှိပါသည်”ဟု ဆိုသည်။

မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေး ဆောင်ရွက်ရာမှာ အဟန့်အတား၊ အနှောင့်အယှက်များ အချို့နိုင်ငံနှင့်အဖွဲ့စည်းများက ဆောင်ရွက်နေသည်ဟုဆိုသော်လည်း မည်သည့်နိုင်ငံနှင့်အဖွဲ့အစည်းများဖြစ်သည်ကိုတော့ နစကဥက္ကဋ္ဌက ထည့်သွင်းပြောထားခြင်း မတွေ့ရပေ။

လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျပ်အတည်းကို ရင်ဆိုင်နေရပြီး နိုင်ငံတော်၏တရားဝင် အစိုးရအဖြစ် ရပ်တည်နိုင်ရေး ကိုလည်း နစကနှင့် NUG ကြား နိုင်ငံတကာအသိ အမှတ်ပြုမှု ရရှိရေးအတွက် သံတမန်ရေး အားပြိုင်နေကြရသည်။

ပုံ-၂၀၂၁ ခုနှစ်၊ဧပြီ ၂၄ ရက်က အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှာ ကျင်းပသည့် အာဆီယံထိပ်သီး အစည်းအဝေး သို့ သွားတက်ရောက်စဉ်။

ထိုသို့ သံတမန်ရေး အားပြိုင်နေစဉ် အောက်တိုဘာ ၂၆ ရက်မှ ၂၈ ရက်နေ့အထိ ကျင်းပရန် ရှိသည့် အာဆီယံအစည်းအ ဝေးသို့ နစကဥက္ကဋ္ဌကို မဖိတ်ကြားရန် မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် စသည့် အာဆီယံ အဖွဲ့ဝင် နိုင်ငံများက ရပ်တည် နေခြင်းကြောင့် နစကဥက္ကဋ္ဌကို မဖိတ်တော့ဘဲ နိုင်ငံရေးနယ်ပယ်က မဟုတ်သူ ကိုယ်စားလှယ်သာ ဖိတ်ကြားရန် ဆုံးဖြတ်ခဲ့ ကြသည်။

 

ထို့နောက် ဗြိတိန်နိုင်ငံတွင် လာမည့် ဒီဇင်ဘာလအတွင်း လူကိုယ်တိုင်တွေ့ဆုံကြမည့် G-7 ASEAN နိုင်ငံခြားရေးဝန်ကြီး များအဆင့် အစည်းအဝေးတက်ရောက်ရန် မြန်မာနိုင်ငံကို ဖိတ်ကြားသွားမည်မဟုတ်ကြောင်း ဗြိတိန်အစိုးရက ပြောထား သည်။

အလားတူ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီဂူတာရက်စ်ကလည်း နစက၏ သံတမန်ကို အသိ အမှတ် ပြုသည့် သဘောသက်ရောက်သွားမည့် အခြေအနေကို ရှောင်ရှားနိုင်ရန်အတွက်ဆိုကာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီး များနှင့် ကျင်းပမည့် Virtual အစည်းအဝေးကို ရွှေ့ဆိုင်းထားရန် ကုလ သမဂ္ဂအထွေထွေအတွင်း ရေးမှူးချုပ် အန်တိုနီယို ဂူတာရတ်စ်က အောက်တိုဘာ ၁၅ ရက်က တောင်းဆိုထားခဲ့သေးသည်။

ပြည်တွင်းနိုင်ငံရေးလေ့လာသုံးသပ်သူတချို့ကတော့ နစကသည် တရုတ်-ရုရှားတို့ဖြင့် ဆက်ဆံရေးကောင်း တစ်ရပ်ကို ထူ ထောင်ထားနိုင်သော်လည်း အမေရိကန် အပါအဝင် အ နောက်နိုင်ငံများ၊ EU၊ အာဆီယံ စသည့် နိုင်ငံတကာနှင့် ဆက်ဆံ ရေးကောင်းတစ်ရပ် ထူထောင်လိုသည့် ဆန္ဒရှိနေကြောင်း၊ ထိုသို့ နိုင်ငံတကာမှ မြန်မာကိုဖယ်ချဉ်ထားပါက တရုတ်နှင့် ရုရှားထံ တွန်းပို့သလိုဖြစ်သွားနိုင်ကြောင်း သုံးသပ်လျက်ရှိနေကြသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ ရည်မှန်းချက်နှင့်မူဝါဒများကို အခိုင်အမာ ယုံကြည်ပြီး မိမိတို့လူသားများအားလုံးအတွက် ကျန်းမာချမ်းသာကြွယ်ဝ၍ တိုးတက်ရှင်သန်သော ကမ္ဘာကြီး တစ်ခုတည်ဆောက်နိုင်ရေးအတွက် ကုလသမဂ္ဂ၏ အပြုသဘောဆောင် ကြိုးပမ်းအားထုတ်မှုများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်သွားမည့် ကတိကဝတ်ကို ထပ်လောင်းအတည်ပြုအပ်ပါသည်ဟု သဝဏ်လွှာမှာ ပြောထားသည်။