၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၂၃
လက်ရှိတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)နှင့် အာဆီယံကြား သံတမန်ရေးရာ အားပြိုင်နေခြင်းကြောင့် ပိုမို ပြင်းထန်လာပါက မြန်မာနိုင်ငံအနေဖြင့် အာဆီယံကနေ နှုတ်ထွက်သည့်အထိ ဖြစ်လာနိုင်ကြောင်း သုံးသပ်မှုများရှိနေကြ သလို တချို့ကလည်း နှုတ်ထွက်သည့်အဆင့်ထိ မဖြစ်နိုင်ကြောင်း ဆိုသည်။
အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)အနေဖြင့် မြန်မာနိုင်ငံအရေးနှင့် ပတ်သက်ပြီး သဘောထား ပိုမိုတင်းမာလာ ပါက အာဆီယံကနေ မြန်မာနိုင်ငံ နှုတ်ထွက်သည့်အဆင့် ဖြစ်လာနိုင်သည်ဟု သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက ဆိုသည်။
ဦးသိန်းထွန်းဦးက “အာဆီယံဘက်က သဘောထားဘယ်လို လာဦးမလဲ ကျနော်တို့ ပြန်ကြည့်ရမှာကိုး။ အာဆီယံဘက်က သဘောထား အရမ်းတင်းမာလာတယ်။ ခုနပြောတဲ့ ပဋိညာဉ် လုံးဝ ဖောက်ဖျက်ပြီးတော့ မြန်မာနိုင်ငံအတွက် အထူးသဖြင့် လွတ်လပ်ပြီး အချုပ်အခြာပိုင်တဲ့နိုင်ငံ တစ်နိုင်ငံအတွက် စော်ကားမော်ကား သိပ်လုပ်တဲ့ ကိစ္စရပ် တစ်ရပ်ဖြစ်လာမယ် ဆို ရင်တော့ နှုတ်ထွက်တဲ့အဆင့် ရောက်ကောင်း ရောက်သွားနိုင်ပါတယ်”ဟု CNI သတင်းဌာနသို့ ပြောသည်။
အာဆီယံမှ နှုတ်ထွက်ပါက နိုင်ငံရေး၊ ကုန်သွယ်ရေး၊ အခြားဒေသတွင်း ကိစ္စရပ်များအပေါ် သက်ရောက်မှုများ ရှိလာနိုင် ခြင်းကြောင့် နှုတ်ထွက်သည့် အဆင့် မရောက်လာနိုင်ကြောင်း ရခိုင်ပြည်နယ် မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် အမတ် ဟောင်း ဦးဖေသန်းက ဆိုသည်။
ဦးဖေသန်းက “ကျနော်အထင်ကတော့ အာဆီယံက နှုတ်ထွက်မည်ဆိုရင် နောက်ဆက်တွဲ ဆိုးကျိုးတွေလည်း ဖြစ်လာနိုင် သေးတယ်။ နိုင်ငံရေးတို့ ၊ ကုန်သွယ်ရေးတို့ ဆက်စပ်ပြီးလုပ်ရတဲ့ တခြားဒေသတွင်း ကိစ္စရပ်တွေ အဲ့အပေါ်မှာ သွားပြီးတော့ ဘေးထွက်ဆိုးကျိုး ဖြစ်လာနိုင်သေးတယ်ဆိုတော့ ဒီအခြေအနေကြီးမှာ စစ်ကောင်စီအနေနဲ့ အကျပ်အတည်းကာလမှာ တနည်းအားဖြင့် သံခင်းသမန်ခင်းမှာ ကိုယ့်ဘက်က အနုတ်ပြနိုင်တဲ့ ကာလမျိုးမှာ သူတို့ရဲ့ ပဋိညာဉ်ဘောင်အထဲမှာပဲ နေဖို့ များပါတယ်။ ဒီလို နှုတ်ထွက်ဖို့အဆင့်ထိတော့ မရောက်လာနိုင်သေးဘူးလို့ ထင်ပါတယ်”ဟု CNI သတင်းဌာနသို့ ပြောသည်။
တပ်မတော်အနေဖြင့် အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာရယူခဲ့ခြင်းကြောင့် နိုင်ငံတကာတွင် ပုံရိပ်ကျဆင်းနေပြီး သံတမန် ခန့်အပ်ခွင့်အတွက် ကြိုးစားနေကြောင်း၊ သို့သော်လည်း နိုင်ငံတကာမှ ပြစ်တင်ရှုတ်ချနေသော်လည်း ပြည်တွင်း တွင် အာဏာထိန်းထားနိုင်မှုက ပို၍ အရေးကြီးကြောင်း ၎င်းက ဆိုသည်။
ပုံ-၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၄ ရက်က အာဆီယံထိပ်သီး အစည်းအဝေး ကျင်းပနေစဉ်။
ဦးဖေသန်းက “နိုင်ငံတကာက ဘယ်လောက်ပဲ အပြစ်တင်မယ်၊ ရှုတ်ချမယ် ပြောဆိုပေမယ့် သူ့ရဲ့ အာဏာထိန်းထား နိုင်မှု အပိုင်းက ဒီထဲမှာ ထိန်းထားနိုင်မှုက ပိုပြီး အရေးကြီးတယ်လို့ မြင်ပါတယ်။ သံခင်းသမန်ခင်းက သူ့ဘက်မှ အကျဘက်မှာ ရှိနေပေမယ့်။ လောလောဆယ် ပြည်တွင်းမှာ တည်ငြိမ်အောင် ဘယ်လောက်ထိန်းနိုင်မလဲ။ တပ်မတော်ရဲ့ အာဏာထိန်းမှုကို ရေရှည်ဘယ်လောက်ထိ ထိန်းထားနိုင်မလဲ။ ပြီးတော့ အကောင်းဘက်ကို ရွေ့မလား၊ အဆိုးဘက်ကို ရွေ့မလား။ စေ့စပ် ညှိနှိုင်းရေးနဲ့ အဖြေရှာမလား။ ဒါမှ မဟုဘ်ဘဲနဲ့ ဘယ်လိုပဲ ဖြစ်ဖြစ် မိမိတို့ အာဏာရပ်တည်ရေးအတွက် မိမိတို့၏ အသက် အိုးအိမ်၊ စည်းစိမ် ရပ်တည်ရေးအတွက် အဲဒီအခြေအနေမှာ မူတည်ပြီးတော့ လုပ်ထုံးလုပ်နည်းတွေအပေါ် မူတည်ပြီးတော့ အချိန်က တော်တော်ယူသွားရလိမ့်မယ်လို့ မှန်းဆတယ်”ဟု CNI သတင်းဌာနသို့ ပြောသည်။
အာဆီယံထိပ်သီး အစည်းအဝေးကို အောက်တိုဘာ ၂၆ ရက်မှ ၂၈ ရက်ထိ ကျင်းပရန်ရှိပြီး ထို အစည်းအဝေးသို့ နစက ဥက္ကဋ္ဌ ကိုမဖိတ်ဘဲ နိုင်ငံရေးနယ်ပယ်က မဟုတ်သူကိုသာ မြန်မာနိုင်ငံကိုယ်စားပြု ဖိတ်မည်ဟု ထုတ်ပြန်လာခြင်းကြောင့် သံတမန် ရေးရာ တင်းမာမှုများ ဖြစ်ပေါ်လာနေသည်။
အဆိုပါ အာဆီယံ၏ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး နစက လက်အောက်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံအနေဖြင့် အာဆီယံစိတ်ဓာတ်၊ အာဆီယံနည်းလမ်းများနှင့်အညီ သဘောထားကွဲလွဲမှုများကို တိုင်ပင်ဆွေးနွေးမှု နှင့် စေ့စပ်ဆွေးနွေးမှု နည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန် ဆောင်ရွက်နေသော်လည်း အာဆီယံပဋိညာဉ်စာတမ်း ပြဌာန်းချက်များ ကို ဆန့်ကျင်ပြီး မူ ဘောင်ကျော်လွန် လုပ်ဆောင်နေခြင်းကို လက်မခံနိုင်ကြောင်း အောက်တိုဘာ ၂၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အာဆီယံသည် (၁) နိုင်ငံအားလုံး၏ လွတ်လပ်ရေး၊ အချုပ်အခြာ အာဏာညီမျှမှု နယ်မြေပိုင်ဆိုင်မှုနှင့် အမျိုးသားရေး လက္ခဏာများကို အပြန်အလှန်လေးစားရေး၊ (၂) နိုင်ငံတစ်နိုင်ငံ၏ တည်ရှိခွင့်သည် အခြားနိုင်ငံများ၏ ဝင်ရောက်စွက် ဖက်ခြင်း၊ နိုင်လိုမင်းထက်ပြုခြင်းများ ခြိမ်ခြောက်ခြင်းတို့မှ ကင်းလွတ်စေရန်၊(၃) တစ်နိုင်ငံ၏ ပြည်တွင်းရေးကို တခြား နိုင်ငံများမှ ဝင်ရောက်စွက်ဖက်ခြင်း မပြုလုပ်ရန်၊ (၄) အငြင်းပွားမှုများကို ငြိမ်းချမ်းစွာ ဖြေရှင်းရန်၊ (၅) အာဏာသုံး၍ ခြိမ်းခြောက်မှုများ မပြုလုပ်ရန်၊ (၆) နိုင်ငံအချင်းချင်း ထိထိရောက်ရောက် ပူးပေါင်းကူညီဆောင်ရွက်ရန် စသည့် အခြေ ခံမူများ ချမှတ်ထားသည်။
နစက၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်အရ အာဆီယံဘက်မှ ဆိုးဆိုးဝါးဝါး လုပ်လာပါက နှုတ်ထွက်နိုင်ခြေရှိပြီး သို့သော်လည်း လတ်တလောမှာ ချက်ချင်း နှုတ်ထွက်မည့် အနေအထားမတွေ့ရသေးကြောင်း ဦးသိန်းထွန်းဦးက ပြောသည်။