CNI International News
အဒစ်ဘာဘာ အောက်တိုဘာ ၂၃
အောက်တိုဘာ ၂၂ ရက်က အီသီယိုးပီးယားစစ်တပ်၏လေကြောင်းတိုက်ခိုက်မှုကြောင့် ကုလသမဂ္ဂ လူသားချင်း စာနာမှုအကူအညီလေယာဉ်သည် တီဂရစ်ဒေသ၊ မြို့တော်သို့ ဆင်း သက်ခြင်းမပြုတော့ဘဲ နောက်ကြောင်း ပြန်လှည့်ခဲ့ရကြောင်း၊ အဆိုပါလေယာဉ်ပျံသန်းလာမှုကို အာဏာပိုင်များ သိရှိခဲ့ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူ တစ်ဦး၏ပြောကြားချက်ကို ကိုးကားလျက် အေပီသတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။
အီသီယိုးပီးယားနိုင်ငံ၊ တီဂရစ်ဒေသ၌ တစ်နှစ်ထက် တစ်နှစ် ပိုမိုပြင်းထန်လာနေသော စစ်ပွဲအတွင်း အာဏာပိုင် များသည် ပြည်ပအကူအညီပေးပို့လာသည့်ဝန်ထမ်းများကို ခြိမ်း ခြောက်သောနည်းပရိယာယ်သုံးစွဲမှု ပိုများ လာပုံရကြောင်း အေပီသတင်းဌာနက ဆက်လက်ရေးသားဖော်ပြသည်။
တီဂရစ်ဒေသအတွက် လူသားချင်းစာနာမှုအကူအညီပေးရေးလုပ်ငန်းများ ဆောင်ရွက်နေကျ အခြေစိုက်စခန်း ဖြစ်သော မီကီလီမြို့သို့ နောက်ထပ်ကုလသမဂ္ဂလေကြောင်းခရီးစဉ်များ ဆိုင်းငံ့ထားကြောင်း ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ် (WFP) က အေပီသို့ ပြောသည်။
ခရီးသည် ၁၁ ဦးတင်ဆောင်လာသည့် လေယာဉ်ကို အစိုးရဘက်မှ လမ်းကြောင်းရှင်းပေးခဲ့သော်လည်း မီကီလီ လေဆိပ် ထိန်းချုပ်ရေးမျှော်စင်ထံမှ ဆင်းသက်ခြင်းမပြုရန် ညွှန် ကြားချက်သတင်းပေးပို့မှု ရရှိခဲ့၍ နောက်ကြောင်း ပြန်လှည့်ခဲ့ကြောင်း၊ အဆိုပါလေယာဉ်သည် အီသီယိုးပီးယားနိုင်ငံ၏မြို့တော် အဒစ်ဘာဘာသို့ လုံခြုံစိတ်ချစွာဖြင့် ပြန်လည်ဆိုက်ရောက်ခဲ့ကြောင်း သိရသည်။
“ကုလသမဂ္ဂဝန်ထမ်းတွေအနေနဲ့ မီကီလီမြို့မှာ လေကြောင်းတိုက်ခိုက်မှုဖြစ်နေတဲ့အကြောင်း ကြိုတင် သတိပေးချက်မရခဲ့ဘူးဗျ။ လေယာဉ်အတွက် လိုအပ်တဲ့လမ်းကြောင်းရှင်း လင်းရေးပဲ ရခဲ့ပါတယ်” ဟု ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြီးအကဲ မာတင်ခရစ်ဖ်က ပြောကြားခဲ့သည်။
မီကီလီမြို့အနီး လေကြောင်းတိုက်ခိုက်မှုများ၊ လူသားချင်းစာနာမှုအကူအညီများ ပို့မရခြင်းနှင့် ယင်းဒေသတဝိုက်ရှိ အမ်ဟာရာနှင့် အေဖာဒေသများရှိ အရပ်သားများအပေါ် တိုက်ပွဲများ ဖိစီးလာမှု ပိုမိုဆိုးရွားလာခြင်းတို့အား မာတင်ခရစ်ဖ်က သတိပေးခဲ့သည်။
“ရာသီဥတုကြောင့် ကျနော်တို့လေယာဉ်ခရီးစဉ် လှည့်ပြန်ခဲ့ရတယ်လို့ သူတို့က သတင်းထောက်တွေကို ပြောပါတယ်။ ဒါပေမယ့် မြေပြင်ကနေ ဝေဟင်ကို တိုက်ခိုက်မှုကြောင့် အီသီယိုးပီးယားမှာ ကျနော်တို့လေယာဉ် ပြန်လှည့်ရတယ်ဆိုတာ ဒါဟာ ပထမဆုံးအကြိမ်ပါပဲ” ဟု အာဖရိကတောင်ပိုင်းနှင့်အရှေ့ပိုင်းဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာမှုထောက်ပံ့ရေးရုံးအကြီးအကဲ ဂမ်မာကော်နယ်က ပြောသည်။
အီသီယိုးပီးယားအစိုးရနှင့် လူသားချင်းစာနာမှုအဖွဲ့များအကြား ပွတ်တိုက်မှုသည် ဆယ်စုနှစ်တစ်ခုအတွင်း ကမ္ဘာ့အဆိုးဝါးဆုံး အစာရေစာငတ်မွတ်ခေါင်းပါးမှုအကျပ်အတည်းနှင့် ရင်ဆိုင်နေရသည့် တီဂရစ်ဒေသတွင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ ၎င်းအစိုးရသည် ကုလသမဂ္ဂ၏လူသားချင်းစာနာမှုထောက်ပံ့ရေး ပိတ်ဆို့မှုကို လူဦးရေ ၆ သန်းခန့်ရှိသော တီဂရစ်ဒေသတွင် ပြီးခဲ့သည့်ဇွန်လကတည်းက ချမှတ်ခဲ့ပြီး ၎င်းတို့ပြည်သူများကို ငတ်မွတ် သေဆုံးစေခဲ့ကြောင်း အေပီက သတင်းများဖော်ပြခဲ့ပြီးဖြစ်သည်။