၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၂၃

မြန်မာနိုင်ငံပထမဆုံးသမ္မတ စဝ်ရွှေသိုက်၏သားဖြစ်သူ Euro-Burma Office ဒါရိုက်တာ စဝ်ဟန်ယောင်ဟွေကို အပစ်ရပ် (၁၀) ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဥ် ဦးဆောင်အဖွဲ့ (PPST) ၏ နိုင်ငံတကာ သံတမန်အဖြစ် အောက်တိုဘာလ အတွင်းက ခန့်အပ်လိုက်ကြောင်း သိရသည်။

PPST မှ ပြောခွင့်ရပုဂ္ဂိုလ် ရဲဘော်မျိုးဝင်းက “နိုင်ငံတကာကိုယ်စားလှယ်ဆိုတာထက်ကို PPST မှာ နိုင်ငံတကာ NCA အသိ သက်သေတွေကို ဆက်သွယ်ဖို့အတွက် လက်ရှိ နိုင်ငံ ရေးအကျပ်အတည်းကို ကူညီပေးဖို့အတွက်ဆိုပြီး အကူအညီ တောင်း ထားတာရှိတယ်လေ။ EAO တွေက အကူအညီတောင်းတဲ့ စာပို့တယ်။ အာဆီယံ အပါအဝင် ပေါ့၊ ကုလသမဂ္ဂ အပါအဝင် NCA အသိသက်တွေဆီကို စာပို့တယ်။ စာပို့ပြီးတဲ့နောက် အဲအလုပ်တွေကို ဆက် လုပ်ဖို့ရာအတွက်ကို PPST အနေနဲ့ စဝ်ဟန်ယောင်ဟွေ ကို တာဝန်ပေးထားတယ်။ နိုင်ငံတကာ ကိုယ်စားလှယ်ဆိုတဲ့ သဘော တော့ ပြောလို့မရဘူး။ ဒီလုပ်ငန်းတွေကို အကောင် အထည်ဖော်ဖို့အတွက် ဦးဟန်ကို တာဝန်ပေးတာ” ဟု CNI သတင်းဌာနသို့ ပြော သည်။

စဝ်ဟန်ယောင်ဟွေသည် လက်ရှိ မြန်မာ့နိုင်ငံရေး အကျပ်အတည်း ဖြေရှင်းနိုင်မည့် နည်းလမ်းများရှာဖွေရေး အတွက် အာဆီယံ အပါအဝင် နိုင်ငံတကာ အသိုင်း၀န်းဖြင့် ထိတွေ့ဆက်ဆံ၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

စဝ်ဟန်ယောင်ဟွေသည် PPST အကြံပေးအဖြစ်‌လည်း ‌တာဝန်ယူဆောင်ရွက်နေကြောင်း၊ ယခု အခါမှာတော့ ထို တာဝန်အပြင် နိုင်ငံတကာဖြင့် ထိတွေ့ဆက်ဆံနိုင်ရေးအတွက် သံတမန်ရေးရာ ကိုယ်စားလှယ်အဖြစ် ထပ်မံ ခန့်အပ်တာဝန်ပေးခြင်း ဖြစ် သည်ဟု ရဲဘော်မျိုးဝင်းက ဆိုသည်။

ပုံ-စဝ်ဟန်ယောင်ဟွေနဲ့ ဦးသိန်းစိန်တို့ လက်ဆွဲနှုတ်ဆက်နေကြစဉ်။

ရဲဘော်မျိုးဝင်းက “စဝ်ဟန်ယောင်ဟွေဆိုတာလည်း သံတမန်ရေးလောကမှာ ဆက်သွယ်ဆောင်ရွက်ဖို့အတွက်ကို ကျွမ်းကျင် တဲ့ လူဖြစ်တယ်။ ပြီးရင် ဗမာပြည်၏ ပထမဆုံးသမ္မတ စဝ်ရွှေသိုက်ရဲ့ သားလည်း ဖြစ်တယ်။ လက်နက်ကိုင် တော်လှန်ရေး အတွေ့အကြုံ လည်း ရှိတယ်။ EAO တွေ အကြောင်းလည်း သိတယ်။ နိုင်ငံတကာအကြောင်းလည်း ကောင်း ကောင်း နား လည် တယ်။ ပြည်တွင်းနိုင်ငံရေးအကြောင်းလည်း သေချာနားလည်တယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

စဝ်ဟန်ယောင်ဟွေကို PPST ၏ ဇူလိုင်လ အစည်းအဝေးတွင် သံတမန်ရေးရာ ဆောင်ရွက်ပေးရန် ဖိတ်ခေါ် ခဲ့ကာ တာ၀န်ပေး ခဲ့ခြင်း ဖြစ်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါ၀င်နေသူ ဦးခွန်းဆိုင်က ပြောသည်။

၎င်းက “PPST ရဲ့ ဇူလိုင်လ အစည်းအဝေးမှာ ဆုံးဖြတ်ပြီးတော့မှ သူ့ကို ဖိတ်ခေါ်လိုက်တာပေါ့နော်။ ဘာဖြစ်လို့လည်းဆို တော့စဝ်ဟန်ယောင်ဟွေက သူက ၁၉၈၀ ကျော်ကျော်လောက်ကတည်းက သူက နိုင်ငံတကာဆက်ဆံရေးမှာ ပါ၀င်ခဲ့တယ်။ အခုထိ သူနဲ့ ရင်းနှီးတဲ့ နိုင်ငံတကာက မိတ်ဆွေတွေ၊ အရာရှိတွေရှိနေတော့ သူက ကူညီပေးနိုင်မယ်ဆိုရင် အကောင်းဆုံးပဲ အဲလိုဆုံးဖြတ် ကြတာပေါ့နော်။ သူကိုယ်တိုင်ကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ တတ်နိုင်သလောက် ကူပေးပါမယ်ဆိုပြီး အဲလိုပြောလာ တယ်”ဟု CNI သတင်းဌာနသို့ ပြောသည်။

ထို့ကြောင့် စဝ်ဟန်ယောင်ဟွေ ဆောင်ရွက်ရမည့် တာ၀န်များမှာ (၁) NCA လက်မှတ်ထိုးစဉ်က အသိသက်သေ အဖြစ် ပါ၀င် လက်မှတ်ထိုးခဲ့ကြသည့် အဖွဲ့အစည်းများနှင့် နိုင်ငံများကို ဆက်သွယ်ချိတ်ဆက်ရန်၊ (၂) အာဆီယံအဖွဲ့၀င် နိုင်ငံများကို ဆက် သွယ် ချိတ်ဆက်ရန်၊ (၃) NCA လက်မှတ်ထိုးစဉ်က လေ့လာခဲ့ကြသည့် အဖွဲ့အစည်းများနှင့် နိုင်ငံများကို ဆက်သွယ်ချိတ် ဆက်ရန် စသည်တို့ဖြစ်ကြောင်း သိရသည်။

ပုံ-ဒေါ်အောင်ဆန်းစုကြည်နဲ့စဝ်ဟန်ယောင်ဟွေကို တွေ့ရစဉ်။

ဦးခွန်းဆိုင်က “သူလုပ်လာခဲ့တာတော့ အများအားဖြင့် အောင်မြင်မှုရရှိတယ်။ အပေါင်းလက္ခာဖြစ်တယ်လို့ သိရတယ်။ ဒါပေမယ့် နောက်ဆုံးသူရဲ့ အစီအရင်ခံစာကို ကျနော်တို့မရသေးဘူးပေါ့နော်။ သို့သော်လည်းပဲ အခုလောလောဆယ်မှာ တော့ သူ့ကို မကောင်းဘူးလို့တော့မပြောဘူး။ ကောင်းတယ်။ ကူညီမယ်ဆိုပြီးတော့မှ မပြောတဲ့နိုင်ငံကတော့ တစ်ခုရှိတယ်၊ တရုတ်နိုင်ငံဖြစ်တယ်။ အဲလိုပဲ သိရပါတယ်”ဟု CNI သတင်းဌာနသို့ ပြောသည်။

မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ရန်အတွက် PPST က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးစဥ်တွင် နိုင်ငံတကာ အသိသက်သေအဖြစ် ပါဝင်ခဲ့သည့် UN၊ EU၊ ထိုင်း၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်နှင့် နော်ဝေးနိုင်ငံတို့အပြင် အာဆီယံကို စာပို့ထားပြီးကြောင်း သိရသည်။

၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် NCA လက်မှတ်ရေးထိုးခဲ့သည့် (၆) နှစ်ပြည့်ခဲ့ပြီး PPST က တွေ့ဆုံ ဆွေးနွေး အဖြေရှာကြရန်နှင့် နိုင်ငံတကာ အသိုင်း၀န်းမှ မြန်မာနိုင်ငံကို ကူညီပေးရန် အပါအ၀င် PPST က အချက် (၇) ချက်ပါ တောင်းဆိုချက်ကို ထုတ်ပြန်တောင်းဆိုခဲ့သည်။

PPST ကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင် အမျိုးသား အစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA-PC)၊ ဒီမိုကရေစီအကျိုး ပြု ကရင်တပ်မတော် (DKBA)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ ချုပ် (PNLO)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တပ်ဦး (ABSDF)၊ ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီ(ALP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU)တို့ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

စဝ်ဟန်ယောင်ဟွေသည် ဦးသိန်းစိန် အစိုးရလက်ထက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တက်တက်ကြွကြွ ပါ၀င်ဆောင်ရွက် ပေးခဲ့သူဖြစ်သလို တိုင်းရင်းသား လက်နက်ကိုင်တော် လှန်ရေးအဖွဲ့အစည်းများနှင့် အစိုးရကြား NCA စာချုပ် အပါအ၀င် ပဏာမ အပစ်အခတ်ရပ်စဲရေးစာချုပ်(Bilateral)ချုပ်ဆိုနိုင်ရေးကိုလည်း ကြား၀င် ဆောင်ရွက်ပေးခဲ့သူဖြစ်သည်။

ထိုသို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် စဝ်ဟန်ယောင်ဟွေ ပါ၀င်နိုင်ရန်အတွက် ဦးသိန်းစိန်အစိုးရက ၂၀၁၁ ခုနှစ်ကစတင်၍ ပြည်၀င်ခွင့် ဗီဇာကို တစ်နှစ်တစ်ခါ ထုတ်ပေးခဲ့ရာ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရလက်ထက် ၂၀၁၇ ခုနှစ်၊ ဧပြီလတွင် ပြည်၀င်ခွင့် ဗီဇာလျှောက်ထားခဲ့သော်လည်း ထုတ်ပေးခြင်းမရှိသည့်အတွက် မြန်မာပြည်သို့ လာရောက်နိုင် ခြင်းမရှိခဲ့ရာ ဇွန်လ ၉ ရက်တွင် NLD အစိုးရက ပြည်၀င်ခွင့် ဗီဇာမပေးတော့သည့်အတွက် ထိုင်းနိုင်ငံသို့ ပြန်သွားခဲ့ရသည်။