ဝါရှင်တန်၊ အောက်တိုဘာ ၂၃
ဆီးရီးယားနိုင်ငံအတွင်း မောင်းသူမဲ့လေယာဉ်(ဒရုန်း)အသုံးပြုကာ အယ်လ်ကိုင်းဒါး အကြီးတန်းခေါင်းဆောင် အဗ္ဗဒူဟာမစ်အယ်မာတာကို အမေရိကန်စစ်တပ်က သတ်ဖြတ်ခဲ့ကြောင်း အမေရိကန် စစ်ရေးဗဟိုဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အတည်ပြုပြောကြားခဲ့ကြောင်း အယ်လ်ဂျာဇီးယား သတင်းတစ်ပုဒ်တွင် တွေ့ရ သည်။
“အယ်လ်ကိုင်းဒါး အကြီးတန်းခေါင်းဆောင်ကို ရှင်းပစ်လိုက်ခြင်းဟာ အမေရိကန်နိုင်ငံသားတွေ၊ ကျနော်တို့ရဲ့ မိတ်ဖက်တွေနဲ့ အပြစ်မဲ့အရပ်သားတွေကို ခြိမ်းခြောက်ပြီး ကမ္ဘာလုံးဆိုင် ရာတိုက်ခိုက်မှုပြုနေတဲ့ အကြမ်းဖက်အဖွဲ့ ရဲ့စွမ်းရည်ကို ထိခိုက်စေမှာဖြစ်ပါတယ်” ဟု အမေရိကန်စစ်တပ်မှ ဗိုလ်မှူး ဂျွန်ရက်ဂျ်ဘီးက အောက်တိုဘာ ၂၂ ရက်တွင် ထုတ်ပြန်သည့်ကြေညာချက်တစ်စောင်တွင် ပြောကြားခဲ့သည်။
MQ-9 အမျိုးအစား ဒရုန်းဖြင့် တိုက်ခိုက်ပြီး ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ အခြားထိခိုက်သေဆုံးခြင်းမရှိကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ဆီးရီးယားနိုင်ငံတောင်ပိုင်းရှိ အမေရိကန်ကင်းစခန်းတစ်ခု တိုက်ခိုက်ခံရပြီး နှစ်ရက်အကြာတွင် ယခုကဲ့သို့ ဒရုန်းဖြင့် အမေရိကန်တို့က သုတ်သင်ရှင်းလင်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“အယ်လ်ကိုင်းဒါးဟာ အမေရိကန်နဲ့ကျနော်တို့မဟာမိတ်တွေကို ခြိမ်းခြောက်နေတုန်းပါ။ ဆီးရီးယားနိုင်ငံကို အယ်လ်ကိုင်းဒါးတွေက သူတို့ကွန်ရက်ပြန်တည်ဆောက်ဖို့၊ တခြားအဖွဲ့တွေနဲ့ညှိဖို့နဲ့ သူတို့စစ်ဆင်ရေးအတွက် လုံခြုံစိတ်ချရတဲ့နေရာအဖြစ် အသုံးချနေတာဖြစ်ပါတယ်” ဟု ဂျွန်ရက်ဂျ်ဘီးက ဖြည့်စွက်ပြောကြားခဲ့သည်။
အမေရိကန်ကင်းစခန်း တိုက်ခိုက်ခံရခြင်းအတွက် လက်တုံ့ပြန်သည့်အနေဖြင့် ယခု အမေရိကန်ဒရုန်း တိုက်ခိုက် ခဲ့ခြင်း မဟုတ်ကြောင်းလည်း ၎င်းက ငြင်းဆိုခဲ့သည်။
အယ်လ်ကိုင်းဒါးခေါင်းဆောင်ကို ဆီးရီးယားပြည်တွင်း မည်သည့်နေရာတွင် သုတ်သင်ရှင်းလင်းခဲ့ကြောင်းကိုတော့ ဂျွန်ရက်ဂျ်ဘီးက ထည့်သွင်းပြောကြားခြင်းမရှိပေ။
ပြီးခဲ့သည့် စက်တင်ဘာလကလည်း ပင်တဂွန်စစ်ဌာနချုပ်သည် ဆီးရီးယားအနောက်မြောက်ပိုင်းရှိ သူပုန်များ ထိန်းချုပ်ထားသောနယ်မြေတွင် တိုက်ခိုက်မှုတစ်ခုပြုလုပ်ခဲ့ပြီး အယ်လ်ကိုင်းဒါးအဖွဲ့မှ အခြားခေါင်းဆောင် တစ်ဦးဖြစ်သူ စလင်းအဘူအာမက်ကို သတ်ဖြတ်ခဲ့သည်။ ယင်းနောက် အစောပိုင်း လေကြောင်းတိုက်ခိုက်မှု တစ်ခုကို အက်လစ်ခရိုင်အနီးတွင် ဆက်လက်ပြုလုပ်ခဲ့သည်။
အက်လစ်နှင့် ထိစပ်နေသော အယ်လက်ပိုနယ်မြေရှိ ကျယ်ပြန့်သောအစိတ်အပိုင်းများသည် တစ်ချိန်က အယ်လ်ကိုင်းဒါးနှင့် ဆက်နွယ်နေသည့် ဟာယက်တဟီဟာအယ်လ်ရှန်းအပါ အဝင် ဆီးရီးယားသူပုန်အဖွဲ့၏ လက်ထဲတွင်သာ ရှိသေးသည်။
ဆီးရီးယားတွင် ဖြစ်ပွားခဲ့သော စစ်ပွဲတွင် အယ်လ်ကိုင်းဒါး၊ အီရတ်နှင့်ဆီးရီးယားတို့ရှိ အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့ (ISIL)၊ အခြားဆက်စပ်သောအဖွဲ့ပေါင်းစုံပါဝင်သည့် နိုင်ငံခြားတပ်များ၊ ပြည်သူ့စစ်များ စသည်တို့ဖြင့် စစ်မြေပြင် တွင် ရှုပ်ထွေးနေခဲ့သည်။